Eleven Media Group

■ ပဲလေ့စ်တိုက်စစ်မှူး မာတေတာကို ခေါ်ယူရန် မန်ယူအသင်း ပစ်မှတ်ထားနေ

မန်ယူအသင်းသည် ခရစ္စတယ်ပဲလေ့စ်အသင်းမှ ပြင်သစ်တိုက်စစ်မှူး မာတေတာကို လာမည့်နွေရာသီတွင် ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း သိရသည်။

မန်ယူအသင်းသည် လာမည့်နွေရာသီတွင် ဂိုးသွင်းနှုန်းကျဆင်းနေသည့် အသင်းတိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းရန် စီစဉ်နေပြီး စပို့တင်းလစ္စဘွန်းအသင်းမှ ဆွီဒင်တိုက်စစ်မှူး ယိုကယ်ရက်စ်ကို ဦးစားပေးပစ်မှတ်အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

သို့သော် ယိုကယ်ရက်စ်မှာ ဥရောပထိပ်တန်းကလပ်အသင်းများစွာ၏ ပစ်မှတ်ကစားသမားဖြစ်နေသောကြောင့် ၎င်းအား ခေါ်ယူနိုင်ခြင်းမရှိခဲ့ပါက မာတေတာကို အစားထိုးခေါ်ယူရန် လျာထားခြင်းဖြစ်သည်။

မာတေတာ(၂၇ နှစ်)သည် ခရစ္စတယ်ပဲလေ့စ်အသင်းအတွက် ပြိုင်ပွဲစုံ (၁၂၂)ပွဲယှဉ်ပြိုင်ကစားကာ (၄၁)ဂိုး သွင်းယူပေးထားသူဖြစ်သည်။

မန်ယူအသင်းသည် မာတေတာအပြင် ယခုရာသီကုန်တွင် လိုင်လီအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့် ကနေဒါတိုက်စစ်မှူး ဂျိုနသန်ဒေးဗစ်ကိုလည်း ခေါ်ယူရန် စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group