
ချင်းတိုင်းရင်းသား မြန်မာ MMA ဖိုက်တာ ဂျိုရှူအာဗန်က လာမည့် UFC-313 ပြိုင်ပွဲတွင် ယှဉ်ပြိုင်ထိုးသတ်ရမည့် ဂျပန်ဖိုက်တာ ရီးဆူယူရာမှာ ၎င်း၏ ပရိုဖိုက်တာဘဝ မိမိထက် အသက်ငယ်သည့်ဖိုက်တာနှင့် ပထမဆုံးတွေ့ဆုံခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဂျိုရှူအာဗန်က "သူ ဘယ်သူလဲဆိုတာ ကျွန်တော် မသိဘူး။ သူထိုးသတ်ထားတဲ့ ပွဲတွေကိုလည်း ကျွန်တော် တကယ်မကြည့်ဖူးဘူး။ ဒါပေမဲ့ သူက ဖိုက်ကောင်းတစ်ယောက်၊ Ground Game ကောင်းတဲ့သူတစ်ယောက်ဆိုတာတော့ ကြားသိထားပါတယ်။ ဒါလည်း ကောင်းတာပါပဲ။ ကျွန်တော့်ကစားသမားဘဝတစ်လျှောက်မှာ သူက ကျွန်တော့်ထက် အသက်ငယ်တဲ့ ဖိုက်တာနဲ့ တွေ့ဆုံတဲ့ ဒုတိယမြောက်ပါ။ ပရော်ဖက်ရှင်နယ်ကစားသမား ဘဝမှာဆိုရင်တော့ သူက ကျွန်တော့်ထက် အသက်ငယ်တဲ့ ဖိုက်တာနဲ့ တွေ့ဆုံတဲ့ ပထမ ဆုံးဖိုက်တာပါပဲ။ ဒါကိုလည်း ကျွန်တော် သဘောကျပါတယ်။ ကျွန်တော့်အတွက် အေးဆေးပါ။ ကျွန်တော့်ရဲ့ လေ့ကျင့်မှုပုံစံကို မပြောင်းလဲပါဘူး။ လေ့ကျင့်မှုပုံစံ ပြောင်းလဲရတာမျိုးကို ကျွန်တော် မကြိုက်ပါဘူး။ ကျွန်တော်ကတော့ ပုံမှန်အတိုင်းပဲ လေ့ကျင့်တာပါ"ဟု ပြောကြားခဲ့သည်။
UFC-313 ပြိုင်ပွဲကို လာမည့်မတ် (၉)ရက်(မြန်မာစံတော်ချိန်) တွင် အမေရိကန်နိုင်ငံ၊ နီဗားဒါးပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့ရှိ T-Mobile Arena ၌ ကျင်းပမည်ဖြစ်သည်။
UFC ပရိုမိုးရှင်းသည် UFC-313 ပြိုင်ပွဲအတွက် တွဲဆိုင်း (၁၁) ဆိုင်း ထုတ်ပြန်ထားပြီး ယင်းတွဲဆိုင်းများထဲတွင် ဂျိုရှူအာဗန်နှင့် ဂျပန်ဖိုက်တာ ရီးဆူယူရာတို့မှာ Preliminary ပွဲစဉ် (၃)၌ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။
လက်ရှိတွင် ဂျိုရှူအာဗန်သည် အသက် (၂၃) နှစ်ရှိပြီး ပရိုဖိုက်တာဘဝ (၁၄) ပွဲထိုး၊ (၁၂) ပွဲနိုင်၊ (၂) ပွဲရှုံးထားသည်။
ဂျပန်ဖိုက်တာ ရီးဆူယူရာသည် အသက် (၂၂) နှစ်သာရှိပြီး ပရိုဖိုက်တာဘဝ (၁၀) ပွဲထိုး၊ (၁၀) ပွဲစလုံး အနိုင်ရထားကာ ရှုံးပွဲမရှိသေးသူဖြစ်ကြောင်း သိရသည်။