Eleven Media Group

■ ပရီးမီးယားလိဂ်ပွဲစဉ် (၂၈) ပွဲကြိုသုံးသပ်ချက်

Photo: AFP

နော်တင်ဟမ်ဖောရက်စ် - မန်စီးတီး (မြန်မာစံတော်ချိန် မတ်လ ၈ ရက် ည ၇:၀၀ နာရီ)
ဒီပွဲက ပုံမှန်အားဖြင့်ဆိုရင် တန်းဆင်းဇုန်တိုက်ပွဲအတွက် ရုန်းကန်နေတဲ့အသင်းနဲ့ အမှတ်ပေးချန်ပီယံဖြစ်ဖို့ အမှားမခံတဲ့အသင်း နှစ်သင်းထိပ်တိုက်တွေ့တဲ့ပွဲစဉ်မျိုးပါ။ ဒါပေမဲ့ ဒီရာသီမှာတော့ နော်တင်ဟမ်ဖောရက်စ်အသင်းရဲ့ အားကောင်းတဲ့ ပုံစံနဲ့ မန်စီးတီးအသင်းရဲ့ အားလျော့နေတဲ့ ပုံစံတွေကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အပြိုင်နွွှဲရမယ့် တိုက်ပွဲမျိုးဖြစ်တယ်။ နော်တင်ဟမ်ဖောရက်စ်က မာကျောပြီး စုစည်းမှုအားကောင်းတယ်။ ခံစစ်ကစားပုံက ရာသီတစ်လျှောက်လုံးအနေအထားနဲ့ ကြည့်ရင် တော်တော်လေးအားကောင်းတဲ့ ပုံစံဖြစ်ပြီး တန်ပြန်တိုက်စစ်ထက်မြက်တယ်။ မန်စီးတီးအသင်းက နောက်ပိုင်းပွဲတွေ မှာ ရလဒ်တွေ တိုးတက်လာပေမဲ့ အခုအချိန်အထိတော့ ရှုံးတစ်လှည့်၊ နိုင်တစ်လှည့်ဖြစ်နေဆဲပဲ။ အထူးသဖြင့် ခံစစ်အားကောင်းတဲ့ အာဆင်နယ်၊ လီဗာပူးလ်တို့လိုအသင်းတွေနဲ့ပွဲတွေမှာ ရလဒ်ကောင်းပြီး ခံစစ်ကစားပုံလျော့ပြီး ပေးဂိုးများတဲ့ ချယ်လ်ဆီး၊ စပါးတိို့လိုအသင်းတွေကို နိုင်ခဲ့တာတွေ့ရတယ်။ နော်တင်ဟမ်ကွင်းမှာတော့ နော်တင်ဟမ်ကိုပဲ ကြိုက်တယ်။


ဘရိုက်တန် - ဖူလ်ဟမ် (မြန်မာစံတော်ချိန် မတ်လ ၈ ရက် ည ၉:၃၀ နာရီ)
ဘရိုက်တန်၊ ဘုန်းမောက်၊ နယူးကာဆယ်စတဲ့အသင်းတွေက ချယ်လ်ဆီးအသင်းလိုပဲ ဖောရက်စ်-မန်စီးတီးပွဲစဉ်မှာ တစ်သင်းသင်းအမှတ်လျော့ဖို့ မျှော်လင့်ရင်း ကိုယ့်အလုပ်ကိုယ်လုပ်ရမယ့်အသင်းတွေဖြစ်တယ်။ လက်ရှိအချိန်မှာ နှစ်သင်းစလုံးက အားကောင်းနေကြချိန်ဖြစ်ပြီး သရေကျနိုင်တယ်။


ခရစ္စတယ်ပဲလေ့စ် - အစ်ဝစ်ချ် (မြန်မာစံတော်ချိန် မတ်လ ၈ ရက် ည ၉:၃၀ နာရီ)
ပဲလေ့စ်အသင်းရဲ့ လက်ရှိခြေစွမ်းက တော်တော်လေးအား ကောင်းပါတယ်။ ဒါပေမဲ့ တိုက်စစ်မှူး မာတေးတာ မကစားနိုင်တာကတော့ ပဲလေ့စ်ရဲ့ တိုက်စစ်ပိုင်းအားကောင်းနေတာကိုရော၊ အသင်းလိုက်အရှိန်ကိုပါ ရပ်တန့်စေပါတယ်။ ဒါပေမဲ့ ရလဒ်ကတော့ ကောင်းနိုင်တယ်။


လီဗာပူးလ် - ဆောက်သမ်တန် (မြန်မာစံတော်ချိန် မတ်လ ၈ ရက် ည ၉:၃၀ နာရီ)
လီဗာပူးလ်အတွက်တော့ အာဆင်နယ်အသင်း ပွဲကျပ်ချိန်မှာ ခြေချော်လက်ချော်ဖြစ်ခဲ့ရင် အမှတ်ကွာဟချက်ပိုကြီးမားစေဖို့အတွက် နောက်ထပ် အခွင့်အရေးတစ်ခုဖြစ်တယ်။ ဒီရာသီမှာ အမှတ်ပေးချန်ပီယံဖြစ်ဖို့က သေချာသလောက်နီးပါးဆိုပေမဲ့ ကိုယ်ကစားရမယ့်ပွဲတွေကို အနိုင်ကစားရင်း သေချာသည်ထက် သေချာအောင် လုပ်ရမယ့်ပွဲမျိုးတွေလည်း ဖြစ်တယ်။ ဆောက်သမ်တန်နဲ့ ခြေအရမ်းကွာပါတယ်။ လီဗာပူးလ် ဂိုးပြတ်သွင်းမယ်။


ဘရန့်ဖို့ဒ် - အက်စတွန်ဗီလာ (မြန်မာစံတော်ချိန် မတ်လ ၈ ရက် ည ၁၂:၀၀ နာရီ)
ဘရန့်ဖို့ဒ်က ရာသီ အလယ်ကာလတစ်လျှောက်လုံးမှာ ရလဒ်ပိုင်းကျဆင်းသွားတဲ့အတွက် ရပ်တည်မှုအရလည်း ဇယားအလယ်ရောက်သွားခဲ့ပြီး အခုအချိန်မှာတော့ အားကောင်းတဲ့ပုံစံကို ပြန်လည်ပြသနေတယ်။ ဗီလာက ဒီပွဲမတိုင်ခင် ချန်ပီယံလိဂ်ပွဲမှာ ပုံစံကောင်းပြခဲ့တယ်။ ဒါပေမဲ့ ပွဲပန်းပြဿနာရှိနေနိုင်တယ်။ လာမယ့်ရာသီထိပ်ဆုံး (၅) သင်းဝင်ဖို့အတွက် မျှော်လင့်ချက်ရှိနေလို့ ထပ်ရုန်းဦးမှာပါ။ ဒါပေမဲ့ သရေကျဖို့ များတယ်။


ဝုလ်ဗ် - အဲဗာတန် (မြန်မာစံတော်ချိန် မတ်လ ၉ ရက် နံနက် ၂:၃၀ နာရီ)
နှစ်သင်းစလုံးက သိသိသာသာ မာကျောလာတဲ့အသင်းတွေဖြစ်ပြီး ရလဒ်ပိုင်းတွေ ကောင်းလာကြတယ်။ ခံစစ်ပိုင်းတွေ တိုးတက်လာကြတယ်။ ဒီနှစ်သင်း ထိပ်တိုက်တွေ့တဲ့အခါ တစ်သင်းနဲ့တစ်သင်း ကျားကုတ်ကျားခဲ ကြိုးစားကြမှာလည်း သေချာနေတယ်။ သရေကျဖို့ပဲ များတယ်။

မူရင်းသတင်း — Eleven Media Group