Eleven Media Group

■ လာလီဂါပွဲစဉ် (၂၇) ပွဲကြိုသုံးသပ်ချက်

Photo: Getty Images

ဂီတာဖေး - အက်သလက်တီကို (မြန်မာစံတော်ချိန် မတ်လ ၉ ရက် ည ၇:၃၀ နာရီ)
အက်သလက်တီကိုက ချန်ပီယံလိဂ် (၂) ပွဲကြား ကစားရမယ့် အဝေးကွင်းဖြစ်နေလို့ သတိထားရမယ်။ ဂီတာဖေးက အခုနောက်ပိုင်း ခြေစွမ်းမဆိုးလှတဲ့အပြင် အိမ်ကွင်းမှာ စိတ်ဓာတ်ပိုင်း မာမာကျောကျောနဲ့ အက်သလက်တီကိုကို ရင်ဆိုင်ဖို့ များတယ်။ အက်သလက်တီကိုက လူစာရင်းကိုအပြောင်းအလဲလုပ်ဖွယ် ရှိလို့ အနိုင်ရဖို့ ခက်နိုင်တယ်။ အစဉ်အလာအရ အက်သလက်တီကို သာပေမဲ့ ဒီတစ်ပွဲတော့ သရေလောက်ပဲ ဖြစ်မယ်ထင်တယ်။


ရီးယဲလ်မက်ဒရစ် - ဗယ်လက်ကာနို (မြန်မာစံတော်ချိန် မတ်လ ၉ ရက် ည ၉:၄၅ နာရီ)
ရီးယဲလ်က ချန်ပီယံလိဂ်ဘက် ပိုအာရုံစိုက်ထားဖို့ များလိမ့်မယ်။ လာလီဂါဘက်မှာ ခုနောက်ပိုင်း အမှတ်လျော့လာနေလို့ အဆင့် (၃) ထိ ဆင်းပေးထားရတယ်။ ဗယ်လက်ကာနိုနဲ့ နောက်ဆုံး တွေ့ထားတဲ့ (၃) ကြိမ်စလုံးလည်း ရီးယဲလ် အနိုင်မရထားဘူး။ ဗယ်လက်ကာနိုရဲ့ ဒီရာသီကစားပုံက အိမ်ကွင်း၊ အဝေးကွင်း တည်ငြိမ်မှု ရှိနေပြီး ခံစစ်ကစားပုံလည်း ကျစ်ကျစ်လျစ်လျစ် ရှိတယ်။ ဒါပေမဲ့ ရီးယဲလ်ကွင်းမှာ သရေရရေးကိုပဲ ဗယ်လက်ကာနို ဦးတည်ကစားလာဖို့ များတယ်။ ရီးယဲလ်နိုင်ရင်တောင် ဂိုးမပြတ်နိုင်တဲ့ပွဲဖြစ်လို့ ဗယ်လက်ကာနိုနဲ့ ဂိုးအနည်းပဲ ကြိုက်တယ်။


ဘီလ်ဘာအို - မာယော့ကာ (မြန်မာစံတော်ချိန် မတ်လ ၉ ရက် ည ၁၂:၀၀ နာရီ)
ဘီလ်ဘာအို ဥရောပပွဲတစ်ဖက်နဲ့ဆိုပေမဲ့ အိမ်ကွင်းမှာ အတိမ်းအစောင်း မရှိအောင် ကစားနေတယ်။ ထိပ်ဆုံး (၄)သင်းထဲဝင်နိုင်ရေးအတွက် အမှတ်ရှာနေရချိန်ဆိုတော့ ဘီလ်ဘာအို အမှတ်ဆုံးရှုံးမယ် မထင်ဘူး။ ခုတလော မာယော့ကာရဲ့ခြေစွမ်းလည်း အားရစရာမရှိလို့ ဘီလ်ဘာအိုနဲ့ ဂိုးအနည်းပဲကြိုက်တယ်။


ဘက်တစ် - လက်စ်ပါမားစ် (မြန်မာစံတော်ချိန် မတ်လ ၉ ရက် ည ၁၂:၀၀ နာရီ)
လက်စ်ပါမားစ်ရဲ့ လက်ရှိကစားအားနဲ့တော့ ခြေစွမ်းပြနေတဲ့ ဘက်တစ်ကို ယှဉ်နိုင်ဖို့ မရှိပါဘူး။ ဘက်တစ်ကလည်း ခုတလော ဥရောပဝင်ခွင့်မျှော်လင့်ချက် ရှိနေပြီဖြစ်လို့ အိမ်ကွင်းအားကို ကောင်းကောင်းအသုံးချသွားဖို့ များနေတယ်။ ဘက်တစ်နဲ့ ဂိုးအများပါပဲ။


ဆိုစီဒက် - ဆီဗီလာ (မြန်မာစံတော်ချိန် မတ်လ ၁၀ ရက် နံနက် ၂:၃၀ နာရီ)
ဆိုစီဒက်က ဥရောပပွဲတွေဘက်ကို အာရုံ ပိုများနေနိုင်တယ်။ ဆီဗီလာကလည်း အခုနောက်ပိုင်း ကစားပုံပြန်ငြိမ်လာနေပြီး အဝေးကွင်းမှာဆိုရင်လည်း ထိန်းကစားလာနိုင်တာကို တွေ့ရတယ်။ ဆိုစီဒက် အိမ်ကွင်းဖြစ်ပေမဲ့ ယူရိုပါလိဂ်မှာ မန်ယူနဲ့ ကစားခဲ့ရလို့ ပွဲပန်းနေနိုင်တာကို သတိထားရမယ်။ ဆီဗီလာအနေနဲ့ အဝေးကွင်းဖြစ်ပေမဲ့ ဆိုစီဒက်ဆီက အမှတ်ခွဲယူသွားနိုင်တယ်။ သရေကျမယ်။ ဂိုးနည်းမယ်။

မူရင်းသတင်း — Eleven Media Group