
ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ တို့တွင် တစ်ပတ်အတွင်း အမျိုးသမီး လေးဦး သတ်ဖြတ်ခံရကြောင်း မှတ်တမ်းများအရ သိရသည်။
ယင်းအမှု လေးမှု အနက် မြစ်ကြီးနားမြို့ပေါ်ရှိ နှစ်မှုမှာ ရန်ဖြစ်စကားများရာမှ သတ်ဖြတ်ခံရခြင်း ဖြစ်သည်။
မတ်လ ၅ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဝိုင်းမော်မြို့ ၊အမှတ် ၅ ရပ်ကွက်ကဓါးဒဏ်ရာ ငါးချက်ဖြင့် သေဆုံးမှုနှင့် မတ်လ ၄ ရက် မြစ်ကြီးနားမြို့ ၊အင်ဂျန်ဒုံရပ်ကွက် ၊အမှိုက်ပုံတွင်လည်ပင်း၊ခြေထောက်တို့တွင် ကြိုးတုပ်ကာ ပလပ်စတစ် အိပ်များဖြင့် ထုတ်လျက် ဒဏ်ရာများဖြင့် သေဆုံးနေသည့် အသက် ၄၅ နှစ်အရွယ်အမည်မသိ အမျိုးသမီးတစ်ဦးတို့၏ အမှုမှာ မည်သူ ကျူးလွန်ခဲ့သည်ကို ဖော်ထုတ်နိုင်ခြင်း မရှိသေးပါ။
မြစ်ကြီးနားမြို့က အထက်တန်းရှေ့နေ့တစ်ဦးက '' သေမှုသေခင်း အဖြစ်များလာတာ ၊ လူသတ်မှုတွေများလာတာကတော့ တရားဥပဒေ စိုးမိုးမှု လျှော့နည်းလာလို့ပါပဲ။ အရင်နှစ်တွေမှာလည်း ဖြစ်ခဲ့တယ်။အခု ၂၀၂၄ ခုနှစ် နောက်ပိုင်းကျတော့ ခပ်စိပ်စိပ် ဖြစ်လာတယ်။ မြစ်ကြီးနားမှာ ညမှောင်ရင် အမျိုးသမီး တစ်ဦးထဲ အပြင်ထွက်ဖို့မသင့်တဲ့ အခြေအနေ ဖြစ်နေတယ်''ဟု ဆိုသည်။
မြစ်ကြီးနားမြို့တွင် ၊မြို့ပေါ်ရပ်ကွက် အချို့နှင့် မြို့ပြင် ရပ်ကွက် များတွင် နေ့ခင်းပိုင်း ၌ပင် မူးယစ်ဆေးဝါးပေါ်ပေါ်ထင်ထင် ရောင်းဝယ်မှုများ ဖြစ်နေပြီး လုယက်မှုမှ သတ်ဖြတ်မှုတွေ အထိလည်း ဖြစ်ပေါ်နေကြောင်း မြို့ခံများ က ဆိုသည်။
မြစ်ကြီးနားမြို့၊ ကြက်ပေါင်ခြံရပ်ကွက်မှာ လုယက်မှုကို ကိုယ်တွေ့မြင်ရသည့် လက်သမား ဆရာတစ်ဦးက'' ပေါ်တင်ပဲ လမ်းပိတ်ပြီး လုသွားတာ။ ဓါးမြှောင်လောက်တော့ ပါမှာပေါ့။ မိန်းကလေ ကြောက်လို့ ငိုပြီး ကျန်ရစ်တယ်။ လူအုပ်များတော့ ကျနော်တို့လည်း သွားမပြောရဲဘူး။ အိမ်တွေမှာ လူမရှိရင် ရေမော်တာ စက်တွေ ပျောက်။ပစ္စည်းတွေ ပျောက်က ရပ်ကွက်တိုင်း ဖြစ်နေတာ''ဟု ဆိုသည်။
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဝိုင်းမော်မြို့၊စန်းကားကျေးရွာမှ အသက် ၁၅ နှစ်အရွယ် မောင်ကံချားကိုနောက်ပြန်ကြိုးတုပ်ကာ ရေတွင်းထဲ ပစ်ချထားသည်ကို သေဆုံးသည့် ဖြစ်စဉ်၊ ဖေဖော်ဝါရီ ၁၇ ရက်က မြစ်ကြီးနားမြို့၊
ကွန်ပျူတာ ဓါးခုတ်လုယက် သတ်ဖြတ်ခံရသည့် ဖြစ်စဉ်၊ ဖေဖော်ဝါရီ ၁၄ ရက်မှာ ပေါ်ဦးရပ်ကွက်မှာ ဓါးထိုးခံရတဲ့ဖြစ်စဉ်၊ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ဂျပန်တံတား အမှိုက်ပုံမှာ လူငယ်တစ်ဦး သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။
၂၀၂၃နှင့် ၂၀၂၄ ခုနှစ်အတွင်း ကချင်ပြည်နယ်တွင် ဖားကန့်၊မိုးညှင်း၊ဝိုင်းမော်၊ဗန်းမော် မြို့များတွင် ဓါးပြတိုက်မှုများ ဖြစ်ပွားခဲ့ပြီးဖားကန့်ဒေသတွင် ရွှေဆိုင် ဓါးပြတိုက်မှု ငါးမှုထက် မနည်းဖြစ်ပွားခဲ့သည်။
မြစ်ကြီးနားမြို့တွင် လုယက်မှုများဖြစ်ပေါ်ခဲ့ရာတွင် လုယက်ခံရသူများက ရဲစခန်းတွင် တိုင်ကြားမှု များ မရှိခြင်း ၊ ဒေသခံများက ဝိုင်းဝန်းကူညီမှု့အားနည်းခြင်း၊ ရဲတပ်ဖွဲ့အင်အား နည်းခြင်း၊နယ်မြေဒေသ အေးချမ်းမှု့ မရှိခြင်းများမှာ လုယက်များကို အာပေးသကဲ့သို့ဖြစ်နေကြောင်း ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖများက ဆိုသည်။