Eleven Media Group

■ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် လက်ကျန် ၁၀ ပွဲစလုံးကို ဗိုလ်လုပွဲပုံစံကစားရတော့မည်ဟု ဂွါဒီယိုလာ ဝန်ခံ

Photo: AFP

မန်စီးတီးအသင်းအနေဖြင့် နော်တင်ဟမ်အသင်းအား ရှုံးနိမ့်ပြီးနောက် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် လက်ကျန် ၁၀ ပွဲစလုံးကို ဗိုလ်လုပွဲပုံစံကစားရတော့မည်ဖြစ်ကြောင်း နည်းပြဖြစ်သူ ဂွါဒီယိုလာက ဝန်ခံပြောကြားသည်။

မတ် ၈ ရက်က ယှဉ်ပြိုင်ကစားသည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် အဆင့် ၃၊ ၄ နေရာ ရပ်တည်နေသည့် နော်တင်ဟမ်နှင့် မန်စီးတီးအသင်း တွေ့ဆုံခဲ့ပြီး အိမ်ရှင်နော်တင်ဟမ် အသင်းက ၈၃ မိနစ်တွင် ဟက်ဆန်အိုဒွိုင်း သွင်းယူသည့် တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရခဲ့သည်။

ယင်းပွဲရလဒ်ကြောင့် မန်စီးတီးအသင်းအနေဖြင့် တတိယနေရာမှ နော်တင်ဟမ်အသင်းနှင့် လေးမှတ်ကွာဟသွားပြီဖြစ်ရာ ဂွါဒီယိုလာက ယခုလိုပြောကြားခဲ့ခြင်းဖြစ်သည်။

''ဝင်ခွင့်ရဖို့အတွက် ကျွန်တော်တို့မှာ ၁၀ ပွဲကျန်ပါသေးတယ်။ ဝင်ခွင့်ရဖို့ ကျွန်တော်တို့ နိုင်ပွဲတွေယူပြီးတော့ နောက်တစ်ဆင့်ကို ဆက်သွားရမှာပါ။ ပရီးမီးယားလိဂ်မှာ ရာသီတိုင်းက ပိုပြီးကောင်းလာတယ်။ ကျွန်တော်တို့မှာ ဗိုလ်လုပွဲ ၁၀ ပွဲရှိပါတယ်။ ဝင်ခွင့်သေချာစေဖို့ လုံလောက်တဲ့ နိုင်ပွဲဆက်မှုကို ကျွန် တော်တို့မရဘူးဖြစ်နေတယ်။ ကျွန်တော်တို့ တစ်ခုခုလုပ်ရပါမယ်။ အဲဒါက ကောင်းကင် ပေါ်ကနေကျလာမှာ မဟုတ်ပါဘူး''ဟု ၎င်းက ဆိုသည်။

ထို့ပြင် မန်စီးတီးအသင်းအတွက် ထိုးနှက်ချက်အဖြစ် နောက်ခံလူ အကီမှာ ခြေထောက်ဒဏ်ရာခွဲစိတ်ကုသမှုကြောင့် ၁၀ ပတ်ခန့် အနားယူရမည်ဖြစ်ကြောင်း သိရသည်။

နယ်သာလန်လက်ရွေးစင် ခံစစ်အတွင်းလူ အကီ (၃၀ နှစ်)သည် ပြီးခဲ့သည့်တစ်ပတ်က ပလိုင်းမောက်အသင်းနှင့်ကစားသည့် FA ဖလားပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ပထမပိုင်းအပြီးတွင် လူစားလဲခဲ့ရသည်။

၎င်းင်း အနေဖြင့် ဝဲဘက်ခြေထောက်တွင် ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ပြီး ၁၀ ပတ်မှ ၁၁ ပတ်ခန့်အထိ အနားယူရမည်ဖြစ်သည်။

''ခွဲစိတ်မှုလုပ်ရတယ်ဆိုတာ တော်တော်လေးပြင်းထန်လို့ပါ။ ခွဲစိတ်မှုလုပ်ရတယ်ဆိုတာ အဲဒါတစ်ခုခုမှားယွင်းနေလို့ပါ။ အရေးကြီးတာက ခွဲစိတ်ပြီးသွားပါပြီ။ အသင်းရဲ့ ဆေးအဖွဲ့က ၁၀ ပတ် ဒါမှမဟုတ် ၁၁ ပတ် လောက် နားရနိုင်တယ်လို့ ကျွန်တော့်ကို ပြောပါတယ်''ဟု ဂွါဒီယိုလာက ဆိုသည်။

အကီအနေဖြင့် မေလအထိ အနားယူရတော့မည်ဖြစ်ပြီး ရာသီပိတ်ပွဲစဉ်မတိုင်မီ ပြန်လည်ကစားနိုင်ရန်ပင် ရုန်းကန်ရဖွယ်ရှိနေသည်။

အကီ၏ ဒဏ်ရာသတင်းမှာ ခံစစ်ပိုင်းပြဿနာရင်ဆိုင်နေရသည့် မန်စီးတီးအသင်းအတွက် ထိုးနှက်ချက်ဖြစ်စေပြီး ခံစစ်အတွင်းလူ အကန်ဂျီမှာ ပေါင်ခြံဒဏ်ရာ ခွဲစိတ်မှုကြောင့် ဧပြီလကုန်နှင့် ဂျွန်စတုန်းမှာ ပေါင်ဒဏ်ရာကြောင့် မေလဆန်းပိုင်းအထိ အနားယူနေရသည်။

သို့ဖြစ်ရာ ခံစစ်အတွင်းလူနေရာအတွက် ဒီယက်စ်နှင့် ဇန်နဝါရီတွင် အသစ်ခေါ်ယူထားသည့် ခူဆာနော့ဗ်၊ ဗစ်တာဟေးစ်တို့သာ ကျန်ရှိတော့သည်။

မူရင်းသတင်း — Eleven Media Group