
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)သည် FA ဖလားပွဲစဉ်တွင် ပဲလေ့စ်အသင်းတိုက်စစ်မှူး မာတေတာ၏ဦးခေါင်းကို ခြေထောက်ဖြင့် ကန်ခဲ့သည့် မီဝေါလ်အသင်းဂိုးသမား ရောဘတ်၏ ပွဲပယ်ပြစ်ဒဏ်အား ခြောက်ပွဲအထိ တိုးမြှင့်ချမှတ်ခဲ့ကြောင်း သိရသည်။
FA ဖလား ပဥ္စမအဆင့်ပွဲစဉ်အဖြစ် မတ် ၁ ရက်က ယှဉ်ပြိုင်ကစားသည့် ပဲလေ့စ် (၃-၁) မီဝေါလ်ပွဲစဉ်တွင် ပွဲအစမှာပင် မီဝေါလ်အသင်းဂိုးသမား ရောဘတ်က ဂိုးဧရိ ယာအပြင်ဘက်သို့ထွက်၍ ဘောလုံးကိုရှင်းထုတ်စဉ် ပဲလေ့စ်အသင်းတိုက်စစ်မှူး မာတေတာ၏ဦးခေါင်းကို ခြေထောက်ဖြင့် ကန်မိခဲ့ခြင်းဖြစ်သည်။
မာတေတာသည် ယင်းဖြစ်ရပ်ကြောင့် ဝဲဘက်နားရွက်တစ်ဝက်ခန့် ပြတ်လုနီးပါးဖြစ်သွားခဲ့ရပြီး အောက်ဆီဂျင်ပေး၍ ဆေးရုံသို့ အမြန်ပို့ဆောင်ခဲ့ရကာ ဒဏ်ရာကို ၂၅ ချက်အထိ ချုပ်ခဲ့ရသည်။
ကွင်းလယ်ဒိုင်လူကြီး မိုက်ကယ်အိုလီဗာသည် ကနဦးတွင် ယင်းဖြစ်ရပ်ကို အရေးမယူသော်လည်း VAR ဒိုင်အဖွဲ့က ရောဘတ်ကို ထုတ်ပယ်သင့်ကြောင်း အကြံပေးမှုကြောင့် ပထမပိုင်းရှစ်မိနစ်တွင် ၎င်းအား တိုက်ရိုက် အနီကတ်ဖြင့် ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။
သို့ဖြစ်ရာ ရောဘတ်အနေဖြင့် သုံးပွဲပယ်ပြစ်ဒဏ် ကျခံရမည်ဖြစ်သော်လည်း FA က ပြစ်ဒဏ်ထပ်တိုးရန် တောင်းဆိုမှုအပေါ် စည်းကမ်းထိန်းသိမ်းရေးကော်မရှင်က ကြားနာစစ်ဆေးပြီးနောက် ခြောက်ပွဲပယ်ပြစ်ဒဏ်ချမှတ်ရန် မတ် ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အင်္ဂလန်ဂိုးသမား ရောဘတ် (၃၀ နှစ်) မှာ မီဝေါလ်အသင်း၏ အရန်ဂိုးသမားဖြစ်ပြီး ယခုရာသီ ချန်ပီယံရှစ်ပြိုင်ပွဲ၌ နှစ်ပွဲသာ ကစားခွင့်ရထားသူဖြစ်သည်။
မာတေတာမှာမူ ဒဏ်ရာကို ၂၅ ချက်အထိ ချုပ်ခဲ့ရသော်လည်း ယင်းနေ့ ညပိုင်းမှာပင် ဆေးရုံမှ ပြန်ဆင်းနိုင်ခဲ့ကြောင်း သိရသည်။
၎င်း၏ဒဏ်ရာမှာ အရိုးကျိုးသွားခြင်း မရှိသလို ထိခိုက်မှုဖြစ်ပွားစဉ် သတိမေ့သွားခြင်းမရှိသဖြင့် နေအိမ်၌သာ အနားယူနေရသည်။
ပဲလေ့စ်အသင်းနည်းပြ ဂလက်စ်နာကလည်း မာတေတာအနေဖြင့် မတ်လနိုင်ငံ တကာရက်သတ္တပတ်အပြီးတွင် ပြန်ကစားနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားထားသည်။