Eleven Media Group

■ မန်စီးတီးနည်းပြဟောင်း ပီယာ့စ်၏ အရေးပေါ်အခြေအနေကြောင့် လေယာဉ်ကို ကနေဒါတွင် အရေးပေါ်ဆင်းသက်ခဲ့ရ

Photo: The Sun

မန်စီးတီး၊ အင်္ဂလန် ယူ-၂၁၊ ဂရိတ်ဗြိတိန်နှင့် နော်တင်ဟမ်အသင်းနည်းပြဟောင်း စတူးအက်ပီယာ့စ်သည် လေယာဉ်ပေါ်တွင် ကျန်းမာရေးအခြေအနေဆိုးလာသဖြင့် ကနေဒါနိုင်ငံ၌ အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း သိရသည်။

ပီယာ့စ် (၆၂ နှစ်) သည် အမေရိကန်နိုင်ငံ၌ ၀ါရင်ဝုလ်ဗ်ရပ်ဘီအသင်း၏ပွဲစဉ်ကို ကြည့်ရှုပြီးနောက် မတ် ၂ ရက်တွင် Virgin Atlantic လေကြောင်းဖြင့် လတ်စ်ဗေးဂတ်စ်မှ လန်ဒန်သို့ပြန်လာစဉ် ယင်းကဲ့သို့ ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။

၎င်းလိုက်ပါလာသည့်လေယာဉ်သည် မတ် ၂ ရက် ည ၈နာရီ ၄၅ မိနစ်တွင် အမေရိကန်နိုင်ငံမှ ထွက်ခွာလာပြီး အမြင့်ပေ ၃၀၀၀၀ အရောက်တွင် ပီယာ့စ်မှာ ကျန်းမာရေးအခြေအနေဆိုးရွားလာသဖြင့် လေယာဉ်ဝန်ထမ်းများက ကနေဒါနိုင်ငံ၊ စိန့်ဂျွန်မြို့၌ အရေးပေါ်ဆင်းသက်ရန် ဆုံးဖြတ်ခဲ့သည်။

ပီယာ့စ်သည် ဆေးရုံတက်နေရပြီး ပြန်လည်သက်သာလာပြီဖြစ်သည်။

ပီယာ့စ်အနေဖြင့် လက်ရှိတွင် Talksport၏ ရုပ်သံဝေဖန်သူနှင့် အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်လျက်ရှိသည်။

Talksport၏ ရုပ်သံအစီအစဉ်တင်ဆက်သူ မတ်တာဖေ့စ်ကလည်း သောကြာနေ့က ပီယာ့စ်နှင့် ဖုန်းပြောခဲ့ပြီး ရာနှုန်းပြည့်မဟုတ်သော်လည်း ပြန်ကောင်းလာပြီဟု ပြောကြားခဲ့သည်။

နော်တင်ဟမ်အသင်းနည်းပြ နူနိုဆန်တိုက ''စတူးအက်ဟာ ကလပ်ရဲ့ဂန္ထဝင်သာမကာ ကျွန်တော်တို့မိသားစုဝင်ပါပဲ။ သူ အမြန်ဆုံးပြန်ကောင်းဖို့ မျှော်လင့်ပါတယ်''ဟု ပြောကြားခဲ့သည်။

ကစားသမားဘဝတစ်လျှောက် ကျောနံပါတ် ၃ ကိုသာ စွဲစွဲမြဲမြဲ ဝတ်ဆင်ခဲ့သည့် ပီယာ့စ်အတွက် နော်တင်ဟမ်-မန်စီးတီးပွဲ ပွဲချိန်သုံးမိနစ်တွင် ပရိသတ်များအပါအဝင် ဆုတောင်းမှုများ ပြုလုပ်ခဲ့သည်။

ပီယာ့စ်သည် ကစားသမားဘဝအများစုကို နော်တင်ဟမ်အသင်းတွင် ကစားခဲ့ပြီး ကိုဗင်ထရီ၊ ဝက်စ်ဟမ်း၊ နယူးကာဆယ်နှင့် မန်စီးတီးအသင်းများတွင်လည်း ကစားခဲ့ဖူးသည်။

မူရင်းသတင်း — Eleven Media Group