Eleven Media Group

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်တက်ရန် လီဗာပူးလ်နှင့် ဆတူအခွင့်အရေးရှိနေဆဲဟု PSG နည်းပြ အန်နရီကေး ဆို

Photo: X

PSG နည်းပြ အန်နရီကေးက ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့တွင် လီဗာပူးလ်အသင်းကို ရှုံးနိမ့်ထားသော်လည်း ကွာတားဖိုင်နယ်တက်ရောက်ရန် လီဗာပူးလ်အသင်းနှင့်အတူ ဆတူအခွင့်အရေးရှိနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

PSG အသင်းသည် ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် ပထမအကျော့၌ အိမ်ကွင်းတွင် လီဗာပူးလ်ကို ခြေစွမ်းအပြတ်အသတ်အသာစီးဖြင့် ကစားနိုင်ခဲ့သော်လည်း (ဝ-၁) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

PSG အသင်းသည် ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်အဖြစ် မတ်လ (၁၁) ရက်တွင် လီဗာပူးလ်အသင်း၏ အိမ်ကွင်း အန်ဖီးလ်တွင်သွား ရောက်ကစားရမည်ဖြစ်သည်။

PSG နည်းပြ အန်နရီကေးက အဆိုပါပွဲစဉ်တွင်လည်း ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူပြီး တိုက်စစ်ဖွင့်ကစားမည်ဟု ပြောကြားခဲ့သည်။

အန်နရီကေးက "လီဗာပူးလ်နဲ့ပွဲမှာ ပထမအကျော့ကလိုပဲ တိုက်စစ်ဖွင့် ကစားသွားမှာပါ။ လီဗာပူးလ်အသင်းကို ကျွန်တော်ကောင်းကောင်းသိပါတယ်။ သူတို့ဟာ ဥရောပရဲ့အကောင်းဆုံးအသင်းပါ။ ဒါပေမဲ့ ကျွန်တော်တို့က လီဗာပူးလ်ထက် မနိမ့်ပါဘူး။ ကွာတားတက်ဖို့က ၅၀-၅၀ ပါပဲ"ဟု ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group