Eleven Media Group

လီဗာပူးလ်အသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ပါက အသင်းဟောင်းနှင့်အတူ အောင်ပွဲခံရန် ယာဂန်ကလော့ပ်စီစဉ်ထားပြီး ဘတ်စ်ကားပေါ်တွင်မဟုတ်ဘဲ ပရိသတ်များနှင့်အတူရှိနေမည်ဟု ဆို

Photo: X

လီဗာပူးလ်အသင်းနည်းပြဟောင်း ယာဂန်ကလော့ပ်က ယခုရာသီတွင် လီဗာပူးလ်အသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ပါက အသင်းဟောင်းနှင့်အတူ အောင်ပွဲခံရန် စီစဉ်ထားကြောင်းနှင့် အမိုးဖွင့်ဘတ်စ်ကားပေါ်တွင်မဟုတ်ဘဲ ပရိသတ်များနှင့်အတူရှိနေမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားသည်။

ယာဂန်ကလော့ပ်သည် လီဗာပူးလ်အသင်းအား ကိုးနှစ်ကြာကိုင်တွယ်ပြီးနောက် စာချုပ်သက်တမ်း နှစ်နှစ်ကျန်ရှိနေသော်လည်း ပြီးခဲ့သည့်နှစ် ရာသီကုန်တွင် ရုတ်တရက်လမ်းခွဲခဲ့သည်။

၎င်းသည် လီဗာပူးလ်အသင်းနှင့် လမ်းခွဲပြီးနောက် အသင်းဟောင်းသို့ တစ်ကြိမ်မျှပြန်လာခြင်းမရှိဘဲ ချန်ပီယံဖြစ်ရန် သေချာပြီးမှ ပြန်လာရန် စီစဉ်ထားခြင်းမှာ မိမိကြောင့် ကံကြမ္မာဆိုးမကြုံတွေ့စေလိုခြင်းဖြစ်သည်ဟုလည်း ကလော့ပ်က ပြောကြားသည်။

ပြီးခဲ့သည့်တစ်ပတ်က တောင်အာဖရိကနိုင်ငံ၊ ကိပ်တောင်းမြို့၌ကျင်းပသည့် ရန်ပုံငွေပွဲတစ်ခုတွင် ကလော့ပ်က "ဟုတ်ပါတယ်။ လီဗာပူးလ်မှာရှိနေဖို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့ ကားပေါ်မှာမဟုတ်ပါဘူး။ ကျွန်တော်က တခြားလူတွေနဲ့အတူရှိနေမှာပါ။ ကျွန် တော်တို့ ကားပေါ်မှာ အောင်ပွဲခံခဲ့တုန်းက လူတွေနဲ့အတူရှိနေမှာပါ။ အဲဒီလိုလုပ်ဖို့ ရိုး သားစွာစိတ်ကူးထားတာပါ။ ဒါပေမဲ့ ကျွန်တော်တို့ ကြည့်ကြတာပေါ့။ နောက်ဆုံးပွဲ (ရာသီပိတ်ပွဲစဉ်)ကျရင် အဲဒီမှာ ကျွန်တော် ရှိနေမယ်ထင်တယ်။ ရိုးရိုးသားသားပြောရရင် အစောပိုင်းမှာ ကျွန်တော်မသွားချင်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ကို တစ်ချိန်လုံး ကံကြမ္မာဆိုးကြုံရတာမျိုး မဖြစ်စေချင်လို့ပါ။ ကျွန်တော် ပထမဆုံး ကွင်းထဲကိုရောက်သွားတဲ့အချိန်မှာ သူတို့ရှုံးတာမျိုး မဖြစ်စေချင်ဘူး။ အဲဒါကြောင့် ချန်ပီယံဖြစ်ပြီးတဲ့အချိန်ကျရင် ကျွန်တော် အဲဒီကိုသွားမှာပါ" ဟု ပြောကြားသည်။

ထို့ပြင် လက်ရှိနည်းပြ အာနယ်ဆလော့နှင့် ဆက်ဆံရေးအခြေအနေအပေါ် ၎င်းက "ဒီလိုအံ့အားသင့်ဖွယ်ကောင်းတဲ့ကလပ်မှာ အစိတ်အပိုင်းတစ်ခုအဖြစ် အချိန်အကြာကြီး ပါဝင်ခွင့်ရခဲ့တာ အရမ်းကောင်းပါတယ်။ ဒီအသင်းက အရမ်းကြီးကျယ်ခမ်းနားတဲ့အသင်းဖြစ်လို့ ဘယ်နေရာကိုသွားသွား ပရိသတ်တွေ ရှိနေပါတယ်။ ကျွန်တော်တို့လုပ်ခဲ့တာတွေအတွက် အရမ်းဂုဏ်ယူပါတယ်။ အခု သူတို့ လုပ်နေတာတွေကိုလည်း အရမ်းဝမ်းသာပါတယ်။ PSG နဲ့ပွဲအပြီးမှာ အာနယ်ဆီကို ကျွန်တော်စာပို့ခဲ့တယ်။ အဲဒါကြောင့် ကျွန်တော်တို့ဆီမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပါတယ်" ဟု ဆိုသည်။

ကလော့ပ် (၅၇ နှစ်)သည် လီဗာပူးလ် အသင်းအား ၂၀၁၅ ခုနှစ် အောက်တိုဘာမှ ၂၀၂၄ ခုနှစ် မေလအထိ ကိုးနှစ်ကြာတာဝန်ယူကိုင်တွယ်ခဲ့ပြီး ပရီးမီးယားလိဂ် တစ်ကြိမ်၊ FA ဖလား တစ်ကြိမ်၊ လိဂ်ဖလား နှစ်ကြိမ်၊ ကွန်မြူနတီဒိုင်းတစ်ကြိမ်၊ ချန်ပီယံလိဂ် တစ်ကြိမ်၊ ဥရောပစူပါဖလား တစ်ကြိမ်၊ ကလပ် ကမ္ဘာ့ဖလား တစ်ကြိမ် ဆွတ်ခူးရယူပေးနိုင်ခဲ့သည်။ ၎င်းသည် လီဗာပူးလ်အသင်းနှင့် လမ်းခွဲပြီးနောက် ရက်ဘူးလ်အုပ်စု၏ ကမ္ဘာလုံးဆိုင်ရာ ဘောလုံးအရာရှိချုပ်အဖြစ် ဇန်နဝါရီမှစ၍ ဆောင်ရွက်လျက်ရှိသည်။

မူရင်းသတင်း — Eleven Media Group