
ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာက ရုတ်တရက်ကွယ်လွန်သွားခဲ့သည့် အသင်းဆရာဝန် ကာလက်စ်မင်ညဲ ရိုးဂါစီယာအတွက် မိမိတို့အသင်း ဝမ်းနည်းရပြီး ကျန်ရစ်သူမိသားစုအတွက် လိုအပ်သည့်အရာအားလုံးကို ထောက်ပံ့ပေးသွားမည်ဟု ပြောကြားခဲ့သည်။
ဘာစီလိုနာအသင်းသည် အသင်းဆရာဝန် မင်ညဲရိုး ရုတ်တရက်ကွယ်လွန်ခဲ့ခြင်းကြောင့် စနေနေ့က ကစားရန် စီစဉ်ထားသည့် အိုဆာဆူနာနှင့် လာလီဂါအဝေးကွင်းပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့ကြောင်း သိရသည်။
ဘာစီလိုနာအသင်းသည် အိုဆာဆူနာနှင့်ကစားရန်အတွက် အဝတ်လဲခန်းတွင်ပြင်ဆင်နေပြီဖြစ်ပြီး ယင်းအချိန်တွင် အသင်းဆရာဝန် မင်ညဲရိုး ကွယ်လွန်ကြောင်း အသင်းဥက္ကဋ္ဌလာပေါ်တာက အသင်းကို သတင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသတင်းကြောင့် ဘာစီလိုနာကစားသမားများမှာ တုန်လှုပ်ခဲ့ကြပြီး ပွဲကို ရွှေ့ဆိုင်းပေးရန် တောင်းဆိုခဲ့ရာ အိုဆာဆူနာအသင်းနှင့် လာလီဂါက လက်ခံခဲ့ခြင်းဖြစ်သည်။ အဆိုပါပွဲစဉ်ကို ကြည့်ရှုရန် ပရိသတ်များကွင်းထဲ ဝင်ရောက်နေဖြစ်ပြီး ပွဲစရန် မိနစ် (၂၀) အလိုတွင်မှ ပွဲကိုရွှေ့ဆိုင်းကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။
ယခုအခါ မင်ညဲရိုး ကွယ်လွန်ခြင်းနှင့်ပတ်သက်ပြီး ဘာစီလိုနာဥက္ကဋ္ဌ လာပေါ်တာက ဖွင့်ဟခဲ့ခြင်းဖြစ်ပြီး ကျန်ရစ်သူမိသားစုကို အရာအားလုံးထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
လာပေါ်တာက "ကာလက်စ် (မင်ညဲရိုး)ကို လူတိုင်းချစ်ကြပါတယ်။ သူဟာ ဒီနေ့မနက် အသင်းလေ့ကျင့်ရေးကွင်းမှာ ကွယ်လွန်ခဲ့တာပါ။ သူ ကွယ်လွန်ခြင်းအတွက် အသင်းမှာရှိတဲ့လူတိုင်း ဝမ်းနည်းနေကြပါတယ်။ သူဟာ အသင်းရဲ့အဝေးကွင်းပွဲစဉ်တိုင်းကို လိုက် ပါလေ့ရှိသူ ဖြစ်ပါတယ်။ သူ ကွယ်လွန်ခဲ့တာကြောင့် ကျွန်တော်တို့အနေနဲ့ ပွဲကိုရွှေ့ဖို့ဆုံးဖြတ်ခဲ့ပြီး လာလီဂါကလည်း လက်ခံခဲ့ပါတယ်။ သူ ရုတ်တရက်ကွယ်လွန်ခဲ့ခြင်းအတွက် ကျွန်တော်တုန်လှုပ်ခဲ့ရပြီး နာကျင်ရပါတယ်။ သူ့ရဲ့မိသားစုအတွက် လိုအပ်တဲ့အရာအားလုံးကို ထောက်ပံ့ပေးသွားမှာပါ"ဟု ပြောကြားခဲ့သည်။
မင်ညဲရိုးသည် ၂၀၁၇ ကတည်းက ဘာစီလိုနာတွင် အလုပ်လုပ်နေသူဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် (၄၀) သာ ရှိသေးသည်။ ၎င်းသေဆုံးချိန်တွင် ဇနီးနှင့် သားသမီး (၂) ဦး ကျန်ရစ်ကြောင်း သိရသည်။