Eleven Media Group

လီဗာပူးလ်ရဲ့ ဖလား (၃) လုံး အိပ်မက်

Photo : Getty Images

ဆောက်သမ်တန်ကို နောက်ကလိုက်ကစားပြီး အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲကို လီဗာပူးလ် နည်းပြ အာနယ်ဆလော့က "ဗိုလ်လုပွဲ (၃)ခုရဲ့ ပထမဆုံးတစ်ခု"လို့ တင်စားခဲ့ပါတယ်။ ဆောက်သမ်တန်နဲ့ပွဲအပြီးမှာ လီဗာပူးလ်အသင်းဟာ PSG အသင်းနဲ့ ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်၊ နယူးကာဆယ်နဲ့လိဂ်ဖလား (Carabao Cup) ဗိုလ်လုပွဲ တွေကို ဆင်နွဲှရမှာပါ။ ပလိုင်းမောက်အသင်းကို ရှုံးနိမ့်ကာ FA ဖလားပြိုင်ပွဲက ထွက်လိုက်ရပြီးနောက်မှာ လီဗာပူးလ်က ဖလား (၃)လုံး အိပ်မက်မက်နေတယ်။ လီဗာပူးလ်အနေနဲ့ အဲဒီလို အိပ်မက်မက်ရလောက်အောင်လည်း ပြိုင်ပွဲ (၃) ခုစလုံးမှာ အခြေအနေကောင်းနေတာပါ။

ဆောက်သမ်တန်ကို နောက်ကလိုက်ကစားပြီး အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲကို လီဗာပူးလ် နည်းပြ အာနယ်ဆလော့က "ဗိုလ်လုပွဲ (၃)ခုရဲ့ ပထမဆုံးတစ်ခု"လို့ တင်စားခဲ့ပါတယ်။ ဆောက်သမ်တန်နဲ့ပွဲအပြီးမှာ လီဗာပူးလ်အသင်းဟာ PSG အသင်းနဲ့ ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်၊ နယူးကာဆယ်နဲ့လိဂ်ဖလား (Carabao Cup) ဗိုလ်လုပွဲ တွေကို ဆင်နွဲှရမှာပါ။ ပလိုင်းမောက်အသင်းကို ရှုံးနိမ့်ကာ FA ဖလားပြိုင်ပွဲက ထွက်လိုက်ရပြီးနောက်မှာ လီဗာပူးလ်က ဖလား (၃)လုံး အိပ်မက်မက်နေတယ်။ လီဗာပူးလ်အနေနဲ့ အဲဒီလို အိပ်မက်မက်ရလောက်အောင်လည်း ပြိုင်ပွဲ (၃) ခုစလုံးမှာ အခြေအနေကောင်းနေတာပါ။

ဆောက်သမ်တန်နဲ့ပွဲအပြီးမှာ လီဗာပူးလ်နည်းပြ ဆလော့က "ပွဲတွေကို ကွဲပြားခြားနားတဲ့ပုံစံနဲ့ အနိုင်ရတာဟာ အသင်းကောင်းတစ်သင်းရဲ့ စရိုက်လက္ခဏာပါပဲ။ ပထမပိုင်းမှာ အသင်းရဲ့စွမ်းဆောင်ရည်က ကစားပုံပိုင်းမှာရော အားထုတ်မှုပိုင်းမှာပါ ဆိုးရွားခဲ့ပါတယ်။ ဒီရက်သတ္တပတ်က ကျွန်တော့်အတွက် အရမ်းအရေးကြီးပါတယ်။ ဒီပွဲက ဗိုလ်လုပွဲ (၃) ခုရဲ့ ပထမဆုံးပွဲပါ။ နောက်ဗိုလ်လုပွဲမှာ အခုထက် ပိုကောင်းအောင်ကစားနိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်"လို့ ပြောဆိုခဲ့တာပါ။ လီဗာပူးလ်ဟာ စနေနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဆောက်သမ်တန်အသင်းကို အိမ်ကွင်း မှာ (ဝ-၁) ဂိုးနဲ့ ဦးဆောင်ခံခဲ့ရပြီး ဒါဝင်နူးနက်ဇ်၊ ဆာလာ (၂ ဂိုး)တို့ရဲ့ ဂိုးတွေနဲ့ ပွဲအပြီးမှာ (၃-၁)ဂိုး နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ အဲဒီပွဲမှာ ဗန်ဒိုက်နဲ့ အယ်လစ်ဆန်တို့ရဲ့ အမှားကြောင့် ပထမပိုင်းအပြီးမှာ ပရီးမီးယားလိဂ်အမှတ် ပေးဇယားအောက်ဆုံးက ဆောက်သမ်တန်အသင်းရဲ့ (ဝ-၁) ဂိုးနဲ့ ဦးဆောင်ခြင်းကို ခံခဲ့ရတာပါ။ လီဗာပူးလ်အနေနဲ့ ဂန္ထဝင်နည်းပြ ကလော့ပ်ခေတ်အလွန် ပထမဆုံးရာသီမှာ ဆုဖလားတွေလိုချင်တယ် ဆိုရင်တော့ အခုရက်သတ္တပတ်မှာ ကစားမယ့်ပွဲစဉ် (၂)ပွဲမှာ ရလဒ်ကောင်းဖို့ လိုပါတယ်။ ဆောက်သမ်တန်နဲ့ပွဲအပြီးမှာ လီဗာပူးလ်တိုက်စစ်ကစားသမား ဆာလာက "ဒီနေ့ပွဲမှာ ကျွန် တော်တို့ ကောင်းကောင်းမကစားနိုင်ခဲ့ဘူးလို့ ထင်ပါ တယ်။ ဒါပေမဲ့ ချန်ပီယံလိဂ် ဒါမှမဟုတ် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ အနေနဲ့ ပွဲတွေကို အခုလိုမျိုး အနိုင်ရဖို့ လိုအပ်ပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။

လီဗာပူးလ်ဟာ မတ်လ (၁၁) ရက်မှာ PSG အသင်းနဲ့ ချန်ပီယံလိဂ်ဒုတိယအကျော့ပွဲစဉ်ကို အိမ်ကွင်းမှာ ကစားရမှာပါ။ ပထမအကျော့ အဝေးကွင်းမှာ (၁-ဝ) ဂိုးနဲ့အနိုင်ရထားတာကြောင့် သရေကစားရုံနဲ့ လီဗာပူးလ်အသင်းဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်မှာလည်းဖြစ်ပါတယ်။ "ဆောက်သမ်တန်ပွဲ ပထမပိုင်းမှာ တစ်ခုတည်းသော ကောင်းတဲ့ အရာက ကျွန်တော်တို့ကစားသမားတွေ အင်အားချွေ တာခဲ့တာပါပဲ။ သူတို့ သိပ်မပြေးခဲ့ကြဘူး။ PSG နဲ့ ကစားမယ့်ပွဲမှာ ကျွန်တော်တို့အနေနဲ့ Intensity ကို မြှင့်ဖို့ လိုပါတယ်။ ဒီပွဲနဲ့စာရင် PSG နဲ့ ကစားတဲ့အခါ ကျွန်တော်တို့အနေနဲ့ Intensity ကို ၃၊ ၄၊ ၅ ဆ၊ ၆ ဆ၊ ၇ ဆလောက်အထိ မြှင့်နိုင်မှ ဖြစ်မယ်။ ဒါမှ ကျွန်တော်တို့ အနေနဲ့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်မှာပါ"လို့ ဆိုခဲ့ပါတယ်။

လီဗာပူးလ်ဟာ မတ်လ (၁၆)ရက် (တနင်္ဂနွေနေ့)မှာ နယူးကာဆယ်အသင်းနဲ့ လိဂ်ဖလား ဗိုလ်လုပွဲကစားရမှာပါ။ အဲဒီပွဲမှာ လီဗာပူးလ်အနေနဲ့ ဆလော့လက်ထက် ပထမဆုံး ဆုဖလားကို ရယူနိုင်ဖို့ အခွင့်အလမ်း ရှိနေပါတယ်။ PSG အသင်းကို အနိုင်ရတဲ့ ပထမအကျော့မှာ တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ အဲလိယတ်က "နောက်ဆုံး (၂) ပွဲက အရမ်းခက်ပါတယ်။ ဒါက ကျွန်တော့်အတွက် ခက်တယ်လို့ ပြောတာမဟုတ်ဘဲ အသင်းအတွက် ခက်ခဲတယ်လို့ ပြောတာပါ။ ကျွန်တော်တို့အနေနဲ့ ပွဲတွေကို ဆက်တိုက်အနိုင်ရဖို့ လိုအပ်ပါတယ်။ ဒါက ရှင်းပါတယ်။ ကျွန်တော်တို့အနေနဲ့ ပွဲစဉ်တစ်ပွဲချင်းစီကိုပဲအာရုံစိုက်ပြီး အကောင်းဆုံးကစားနိုင်ဖို့ ကြိုးစားရမှာပါ"လို့ ပြောဆိုခဲ့ပါတယ်။

ဖလား (၃) လုံးယူဖို့ ဘယ်လောက်ခက်လဲ
ဒီရာသီမတိုင်ခင် တစ်ရာသီအတွင်း ဖလား (၃) လုံးရဖူးတဲ့ အင်္ဂလန်ကလပ်အသင်း (၃)သင်းပဲ ရှိပါတယ်။ အဲဒီလိုတွက်ရာမှာ ကွန်မြူနတီဒိုင်း၊ ဥရောပစူပါဖလားနဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားတွေကို ထည့်မတွက်ပါဘူး။ Treble လို့ သတ်မှတ်တဲ့ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်နဲ့ FA ကို တစ်ရာသီအတွင်း ရယူနိုင်တာ ၁၉၉၈-၉၉ ရာသီမှာ မန်ယူ နဲ့ ၂၀၂၂-၂၃ ရာသီမှာ မန်စီးတီးတို့ပဲ ရှိပါတယ်။ လီဗာပူးလ်က ဒီရာသီမတိုင်ခင် တစ်ရာသီအတွင်း ဖလား (၃) လုံးရဖူးတာ (၂) ကြိမ် ရှိပါတယ်။ လီဗာပူးလ်အသင်းဟာ ၁၉၈၃-၈၄ ရာသီမှာ အရင် အင်္ဂလန်ပထမတန်း(အခု ပရီးမီးယားလိဂ်)၊ လိဂ်ဖလားနဲ့ အရင် ဥရောပဖလား(အခု ချန်ပီယံလိဂ်) တို့ကို ရယူနိုင်ခဲ့တာပါ။ အဲဒီရာသီက လီဗာပူးလ်ဟာ FA ဖလား စတုတ္ထအဆင့်မှာ အခုရာသီလိုပဲ ဒုတိယတန်းကလပ် (ဘရိုက်တန်)ကို ရှုံးနိမ့်ခဲ့တာပါ။ ဒါက လီဗာပူးလ်အတွက် နိမိတ်ကောင်းလို့ ဆိုနိုင်မလားဆိုတာတော့ စောင့်ကြည့်ရမှာပါ။

လီဗာပူးလ်အသင်းဟာ ၂၀၀၀-၀၁ ရာသီမှာလည်း ဖလားဟက်ထရစ် ရခဲ့ပါတယ်။ အဲဒီရာသီမှာ FA ဖလား၊ လိဂ်ဖလား နဲ့ UEFA ဖလား(အခု ယူရိုပါလိဂ်)တို့ကို ရရှိခဲ့တာပါ။ အင်္ဂလန်မှာ တစ်ရာသီအတွင်း ပြည်တွင်း ဖလား (၃) လုံးရတာ မန်စီးတီးအသင်းတစ်သင်းပဲ ရှိပါတယ်။ မန်စီးတီးအသင်းဟာ ၂၀၁၈-၁၉ ရာသီမှာ အင်္ဂလန်ပြည်တွင်းဖလားတွေဖြစ်တဲ့ ပရီးမီးယားလိဂ်၊ FA ဖလားနဲ့ လိဂ်ဖလားတို့ကိုရရှိခဲ့တာ ဖြစ်ပါတယ်။ တစ်ရာသီအတွင်း ဖလား (၂) လုံးရယူနိုင်တဲ့ အသင်းတွေကတော့ အများကြီး ရှိပါတယ်။ ဥရောပနိုင်ငံအများစုမှာ လိဂ်ဖလားပြိုင်ပွဲမရှိတာကြောင့် ၁၉၆၆ -၆၇ ရာသီမှာ ဥရောပဖလား(ချန်ပီယံလိဂ်)နဲ့ ပြည်တွင်းဖလား (၃)လုံးကို ရရှိခဲ့တဲ့ စကော့တလန်ကလပ် ဆဲလ်တစ်ဟာ Quadruple (တစ်ရာသီအတွင်း ဖလား ၄ လုံး)ရဖူးတဲ့ တစ်သင်းတည်းသောအသင်းအဖြစ် ရပ်တည်နေပါတယ်။ ဥရောပမှာတော့ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်၊ အေဂျက်စ်၊ PSV နဲ့ အင်တာမီလန်တို့က Treble ရဖူးတဲ့အသင်းတွေအဖြစ် ရပ်တည်နေပါတယ်။

ဖလား (၃) လုံးရဖို့ ဘယ်လောက်နီးစပ်လဲ
လီဗာပူးလ်အနေနဲ့ ဒီရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်သွားပြီလို့ ဘောလုံးကျွမ်းကျင်သူတွေရော ပရိသတ်တွေကပါ သုံးသပ်နေကြတယ်။ ဥရောပဘောလုံးလောကရဲ့ အချက်အလက်တွေကို ဖော်ပြတဲ့ Opta က လီဗာပူးလ်အသင်းအနေနဲ့ ဒီရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူဖို့ (၉၈.၉) ရာခိုင်နှုန်း သေချာတယ်လို့ ခန့်မှန်းထားတာပါ။ လီဗာပူးလ်က ပရီးမီးယားလိဂ်ပွဲစဉ် (၂၈) အပြီးမှာ ရမှတ် (၇၀) ရရှိထားပြီး ဒုတိယ နေရာက (မန်ယူနှင့်မတိုင်မီ) နှစ်ပွဲလျော့ကစားတဲ့ အာဆင်နယ်အသင်း (၅၄)မှတ်ကို (၁၆)မှတ် အထိ ဖြတ်ထားတာပါ။

လီဗာပူးလ်အသင်းအနေနဲ့ ပရီးမီးယားလိဂ် လက်ကျန် (၉) ပွဲမှာ အများဆုံး (၂၇) မှတ်ထဲက (၁၈) မှတ် ရယူနိုင်ရင်ပဲ ချန်ပီယံဆုကို ရယူနိုင်တော့မှာ ဖြစ်ပါတယ်။ လီဗာပူးလ်ကို ဒုတိယနေရာကနေ ဖိအားပေးနေတဲ့ အာဆင်နယ်အနေနဲ့ မန်ယူနဲ့ပွဲအပါအဝင် ပရီးမီးယားလိဂ် လက်ကျန် (၁၁) ပွဲလုံး အနိုင်ရမယ်ဆိုရင်တောင် ရမှတ် (၈၇) မှတ်ပဲ ရရှိမှာ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းက လက်ကျန် (၉) ပွဲမှာ (၁၈) မှတ်ရရုံနဲ့ ရမှတ် (၈၈) မှတ်ရရှိမှာဖြစ်ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုကို သိမ်းပိုက်နိုင်မှာ ဖြစ်ပါတယ်။ အာဆင်နယ် အသင်းသာ မန်ယူနဲ့ပွဲအပါအဝင် နောက်ကစားမယ့် ပရီးမီးယားလိဂ် (၄) ပွဲဆက် ရှုံးနိမ့်ပြီး လီဗာပူးလ်အသင်းက နောက်ကစားမယ့် ပရီးမီးယားလိဂ် (၃) ပွဲဆက် အနိုင်ရခဲ့မယ်ဆိုရင် အစောဆုံးအနေနဲ့ ဧပြီလ (၅)ရက်မှာ ပရီးမီးယား လိဂ်ချန်ပီယံဆုကို ရယူနိုင်မှာ ဖြစ်ပါတယ်။

ဒါပေမဲ့ အာဆင်နယ်အသင်းက လက်ကျန်ပွဲတွေအပါအဝင် နောက်ကစားမယ့် ပရီးမီးယားလိဂ်ပွဲတွေကို လီဗာပူးလ်နဲ့အတူ ဆက်တိုက်အနိုင်ရခဲ့မယ်ဆိုရင် လီဗာပူးလ်အနေနဲ့ မေလ (၄)ရက်မှာ ကစားမယ့် ချယ်လ်ဆီးနဲ့ ပရီးမီးယားလိဂ်ပွဲမှာပဲ ချန်ပီယံဆုကို ရယူနိုင်မှာဖြစ်ပါတယ်။ ဆလော့ကတော့ "အခုက (၁၆) မှတ်ဖြတ်နေပေမဲ့ လာမယ့်ရက်သတ္တပတ်အတွင်း ကျွန်တော်တို့က အဲဗာတန်နဲ့ ကစားရမှာဆိုတော့ အာဆင်နယ်အသင်းနဲ့ အမှတ်ကွာဟမှုက (၇) မှတ်အထိ လျော့ကျသွားနိုင်ပါတယ်"လို့ ဆောက်သမ်တန်ကို အနိုင်ရတဲ့ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။ လီဗာပူးလ်အနေနဲ့ ဧပြီလ (၂)ရက်မှာ အဲဗာတန်အသင်းနဲ့ ပရီးမီး ယားလိဂ်ပွဲစဉ် မကစားရခင် အာဆင်နယ်အသင်းက မန်ယူနဲ့ပွဲအပါအဝင် ပရီးမီးယားလိဂ် (၃) ပွဲကစားရမှာပါ။

ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း လီဗာပူးလ်အသင်းက ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ လီဗာပူးလ်အသင်းဟာ ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာလည်း PSG အသင်းကို (၁-ဝ) ဂိုးနဲ့ အနိုင်ရထားတာပါ။ ဒါကြောင့်လည်း Opta က လီဗာပူးလ်အသင်းအနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့အတွက် (၂၆) ရာ ခိုင်နှုန်းအထိ ရှိနေတယ်လို့ သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းအနေနဲ့ မတ်လ (၁၆) ရက်နေ့မှာ ကစားမယ့် နယူးကာဆယ်နဲ့ လိဂ်ဖလားဗိုလ်လုပွဲမှာလည်း ဗိုလ်စွဲဖို့ ရေးပန်းစားနေပါတယ်။ လီဗာပူးလ်အသင်းဟာ အဲဒီပွဲမှာ နယူးကာဆယ်ကို အနိုင်ရဖို့ (၁း၄)လေးနဲ့ ရေပန်းစားနေတာပါ။ လီဗာပူးလ် အနေနဲ့ ဒီရာသီမှာ ဖလား (၃)လုံး ရယူနိုင်ရေးအိပ်မက်တွေ ဆက်လက်ရှင်သန်ဖို့အတွက်ဆိုရင် ဒီတစ်ပတ်မှာ ကစားမယ့်ပွဲစဉ်တွေ ဆလော့ပြောသလို အရမ်းကို အရေးကြီးနေတာ ဖြစ်ပါတယ်။

မူရင်းသတင်း — Eleven Media Group