
ပရီးမီးယားလိဂ်ကလပ်အသင်း(၄)သင်းဖြစ်သည့် မန်ယူ၊ ဝက်စ်ဟမ်း၊ အဲဗာတန်နှင့် ဘုန်းမောက်အသင်းတို့ ယှဉ်ပြိုင်မည့် Premier League Summer Series ပြိုင်ပွဲကို အမေရိကန်နိုင်ငံတွင် ဇူလိုင်(၂၆)မှ သြဂုတ်(၃)အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲမှာ ၂၀၂၃ ခုနှစ် နွေရာသီတွင် ပထမဆုံးအကြိမ် ကျင်းပခဲ့ပြီးနောက် ယခုနှစ်နွေရာသီတွင် ဒုတိယအကြိမ်အဖြစ် ပြန်လည်ကျင်းပရန် စီစဉ်ခြင်းဖြစ်သည်။
ပရီးမီးယားလိဂ်အဖွဲ့ချုပ်သည် ဥရောပပြင်ပမှ ပရိသတ်များ ပိုမိုတိုးပွားလာစေရန်နှင့် ငွေကြေးအကျိုးအမြတ်ရရှိရန် ရည်ရွယ်၍ ယခုပြိုင်ပွဲကို ဖန်တီးကျင်းပခဲ့ခြင်းဖြစ်သည်။
ပရီးမီးယားလိဂ်သည် အာရှတွင် Premier League Asia Trophy ဟူသည့် အမည်ဖြင့် ရာသီကြိုခြေစမ်းပြိုင်ပွဲကို ဖန်တီးကျင်းပခဲ့ပြီးနောက် အမေရိကန်နိုင်ငံတွင် Premier League Summer Series ပြိုင်ပွဲကို ထပ်မံဖန်တီးကျင်းပခဲ့ခြင်းလည်း ဖြစ်သည်။
၂၀၂၃ ခုနှစ်တွင် ပထမဆုံးအကြိမ် ကျင်းပခဲ့သော Premier League Summer Series ပြိုင်ပွဲ၌ အက်စတွန်ဗီလာ၊ ဘရန့်ဖို့ဒ်၊ ဘရိုက်တန်၊ ချယ်လ်ဆီး၊ ဖူလ်ဟမ်နှင့် နယူးကာဆယ် စသည့် ပရီးမီးယားလိဂ်ကလပ်အသင်း (၆)သင်း ပါဝင်ယှဉ် ပြိုင်ခဲ့ပြီး ချယ်လ်ဆီးအသင်းက ချန်ပီယံဆု ရရှိခဲ့သည်။
ကလပ်အသင်းတစ်သင်းလျှင် (၃)ပွဲစီ ယှဉ်ပြိုင်ကစားခဲ့ရပြီး အမှတ်အများဆုံးရရှိခဲ့သည့် ချယ်လ်ဆီးအသင်းက ချန်ပီယံဆု ရရှိခဲ့ခြင်းဖြစ်သည်။
ယင်းပြိုင်ပွဲကို အမေရိကန်နိုင်ငံရှိ မြို့(၅)မြို့မှ ကွင်း(၅)ကွင်းတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
ယခု ၂၀၂၅ ခုနှစ်ပြိုင်ပွဲကို အမေရိကန်နိုင်ငံမှ နယူးဂျာစီ၊ ချီကာဂိုနှင့် အတ္တလန္တာ မြို့(၃)မြို့တွင် ကျင်းပမည်ဖြစ်သည်။
ဒုတိယအကြိမ်အဖြစ်ကျင်းပမည့် Premier League Summer Series ပြိုင်ပွဲ၌ ကလပ်အသင်း(၄)သင်းသာ ပါဝင်မည်ဖြစ်၍ (၄)သင်းပတ်လည်ပုံစံဖြင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။
ပြိုင်ပွဲကို ဇူလိုင်(၂၆)တွင် အဲဗာတန်-ဘုန်းမောက်ပွဲဖြင့် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး သြဂုတ်(၃)တွင် မန်ယူ-အဲဗာတန်ပွဲဖြင့် အဆုံးသတ်မည်ဖြစ်သည်။
ပြိုင်ပွဲအတွက် ကြိုတင်လက်မှတ်ရောင်းချမှုကို ပရီးမီးယားလိဂ်ဝက်ဘ်ဆိုက်တွင်လည်း ဝယ်ယူနိုင်မည်ဖြစ်ပြီး မတ်လ(၉)ရက်နေ့မှစ၍ စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း သိရသည်။
ပရီးမီးယားလိဂ်အမှုဆောင်ချုပ် ရစ်ချတ်မာစတာစ်က ''Premier League Summer Series ပြိုင်ပွဲကို အမေရိကန်နိုင်ငံဆီ ပြန်လည်ယူဆောင်လာနိုင်တဲ့အတွက် ကျေနပ်ဝမ်းမြောက်မိပါတယ်။ အရင်ကျင်းပခဲ့တဲ့ ပြိုင်ပွဲနဲ့ Premier League Morning Live လှုပ်ရှားမှုတွေကနေတစ်ဆင့် အမေရိကန်နိုင်ငံမှာ မယုံနိုင်လောက်အောင် သစ္စာရှိပြီး အရူးအမူးအားပေးတဲ့ ပရိသတ်တွေရှိတယ်ဆိုတာ ကျွန်တော်တို့ရော ကျွန်တော်တို့ ရဲ့ ကလပ်အသင်းတွေရော သိထားကြပါတယ်။ ကမ္ဘာ့အဆင့် ကစားသမားတွေနဲ့ နည်းပြတွေရှိနေတဲ့ ဒီကလပ်အသင်း(၄) သင်းက ရာသီသစ်မစခင် စိတ်လှုပ်ရှားဖွယ် ပရီးမီးယားလိဂ်အတွေ့အကြုံကို ပရိသတ်တွေဆီ ပေးနိုင်လိမ့်မယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး''ဟု ပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ်တွင် ပထမအကြိမ် ကျင်းပခဲ့သည့် Premier League Summer Series ပြိုင်ပွဲကို ပရိသတ်စုစုပေါင်း (၄၂၂၂၄၄)ဦး လာရောက်ကြည့်ရှုခဲ့ပြီး တစ်ပွဲပျမ်းမျှ ပရိသတ် (၄၆၉၁၆)ဦး ရှိခဲ့သည်။
လာမည့် ၂၀၂၅ ပြိုင်ပွဲတွင် ပရိသတ်ကြည့်ရှုမှုနှုန်းထား ပိုမိုများပြားလိမ့်မည်ဟု ပရီးမီးယားလိဂ်တာဝန်ရှိသူများက မျှော်မှန်းထားသည်။