
မြန်မာ - ထိုင်း မြန်မာ့ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲတွင် အဓိကခေါင်တွဲဆိုင်း မကျေပွဲအဖြစ် သွေးသစ်ဝင်းလှိုင်နှင့် ထိုင်းနိုင်ငံသား မွေထိုင်းဖိုက်တာ ဖာမီချိုင်း ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာ - ထိုင်း မြန်မာ့ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကို လာမည့်မတ် ၁၄ ရက်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ထို့ကော်ကိုးကျေးရွာတွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။
ယင်းပြိုင်ပွဲတွင် တွဲဆိုင်း ကိုးဆိုင်းပါဝင်မည်ဖြစ်ပြီး သုံးချီစိန်ခေါ်ပွဲ ငါးဆိုင်း၊ ငါးချီစိန်ခေါ်ပွဲ သုံးဆိုင်းနှင့် အထူးအောင်လံလုပွဲ တွဲဆိုင်းတစ်ဆိုင်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ - ထိုင်း မြန်မာ့ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲတွင် သုံးချီစိန်ခေါ်ပွဲများအဖြစ် တဲဘလူးလူးနှင့် စောသဲနီစေး၊ ဒေါနဟိန်းနှင့် တာအဲဆိုဒ်၊ မဟာသွေး နှင့် အောင်နေထူး၊ ချစ်ဝိုင်းဝိုင်းနှင့် စိုးနောင်ဦး၊ တက်နေလင်းနှင့် စောမြလင်း ငါးချီစိန်ခေါ်ပွဲများအဖြစ် အောင်ခိုင်(မြန်မာ) နှင့် ခွန်းကပီ(ထိုင်း)၊ ရန်နိုင်ထွန်း(မြန်မာ) နှင့် အာလံဘွဲ(ထိုင်း)၊ သွေးသစ်ဝင်းလှိုင်(မြန်မာ)နှင့် ဖာမီချိုင်း(ထိုင်း)၊ အထူးအောင်လံလုပွဲအဖြစ် သူရရဲအောင်နှင့် သတ္တိအောင်တို့ ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်ကြောင်း သိရသည်။
ယခုကျင်းပမည့် မြန်မာ - ထိုင်း မြန်မာ့ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲတွင် အဓိကခေါင်တွဲဆိုင်းအဖြစ် ယှဉ်ပြိုင်ထိုးသတ်ကြမည့် သွေးသစ်ဝင်းလှိုင်နှင့် ထိုင်းနိုင်ငံသား မွေထိုင်းဖိုက်တာ ဖာမီချုင်းသည် ယခင်ကတွေ့ဆုံခဲ့ဖူးပြီး မကျေပွဲအဖြစ် ပြန်လည်ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်သည်။
သွေးသစ်ဝင်းလှိုင်နှင့် ဖာမီချိုင်းသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာအတွင်းက ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ကြာအင်းရွာတွင် ကျင်းပသည့် ကရင်နှစ်သစ်ကူးအထိမ်းအမှတ် မြန်မာ - ထိုင်း မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွင် ပထအအကြိမ် ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး သရေကျထားသည်။
ယင်းပွဲတွင် သွေးသစ်ဝင်းလှိုင်သည် ဖာမီချိုင်းကို အစီးထိုးသတ်နိုင်ခြင်းမရှိဘဲ ငါးချီးထိုးသတ်ပြီး သရေကျခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ယခုပွဲမှာ ဖိုက်တာနှစ်ဦးစလုံးအတွက် အရှုံးအနိုင်ပြတ်သားရန် ကြိုးစားရမည်ဖြစ်သည်။
ဖာမီချိုင်းသည် မြန်မာ့ရိုးရာလက်ဝှေ့ကျော်များဖြစ်သည့် ကျော်စွာဝင်းကို အလဲထိုးဖြင့် ရှုံးနိမ့်ထားပြီး ရန်နိုင်ထွန်းကို အလဲထိုးဖြင့် အနိုင်ရထားသည်။