Eleven Media Group

အန်ဒရီယာဘာတာကို အားကစားဒါရိုက်တာအဖြစ် ခန့်အပ်ရန် အာဆင်နယ်အသင်း သဘောတူညီမှုရရှိ

Photo: X

အာဆင်နယ်အသင်းသည် လစ်လပ်နေသည့် အားကစားဒါရိုက်တာရာထူးအတွက် အက်သလက်တီကိုအသင်း၏ အားကစားဒါရိုက်တာဟောင်း အန်ဒရီယာဘာတာကို ခန့်အပ်ရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
ဘာတာ(၅၃ နှစ်)သည် ပြီးခဲ့သည့် ဇန်နဝါရီလတွင် အက်သလက်တီကိုအသင်းနှင့် လမ်းခွဲခဲ့သူဖြစ်ပြီး ၎င်းကို မန်ယူနှင့် PSG တို့ကလည်း စိတ်ဝင်စားခဲ့ကြသည်။
အီတလီလူမျိုး ဘာတာကို အေစီမီလန်အသင်းက ဆက်သွယ်ကြိုးပမ်းခဲ့သော်လည်း အဆင်မပြေခဲ့ဘဲ အာဆင်နယ်အသင်းက သဘောတူညီမှု ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အာဆင်နယ်အသင်းသည် ဘာတာအား အားကစားဒါရိုက်တာအဖြစ် ခန့်အပ်မှုကို ယခုရက်သတ္တပတ်အတွင်း ကြေညာဖွယ်ရှိကြောင်း မီဒီယာအချို့က ခန့်မှန်းဖော်ပြလျက်ရှိသည်။
ဘာတာသည် အက်သလက်တီကိုအသင်း၏ အားကစားဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့စဉ်အတွင်း ထိပ်တန်းကစားသမားခေါ်ယူမှုများစွာ ပြုလုပ်နိုင်ခဲ့သလို၊ အမြတ်အစွန်းများစွာရရှိသည့် ကစားသမားရောင်းထုတ်မှုများလည်း ပြုလုပ်နိုင်ခဲ့သည်။
ထို့ကြောင့် အက်သလက်တီကိုအသင်း ယခုကဲ့သို့ ထိပ်တန်းအသင်းတစ်သင်းအဖြစ် ရပ်တည်နိုင်ခြင်းမှာ ၎င်း၏ စွမ်းဆောင်ရည်ကလည်း အဓိကအစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်ကြောင်း ချီးကျူးမှုများလည်း ရှိခဲ့သည်။

မူရင်းသတင်း — Eleven Media Group