Eleven Media Group

မြန်မာ့လက်ရွေးစင်အသင်း အာရှဖလားခြေစစ်ပွဲမတိုင်မီ ပြည်ပခြေစမ်းပွဲမကစားတော့ဘဲ MNL All Stars အသင်းနှင့်သာ ကစားမည်

Photo: MFF

၂၀၂၇ အာရှဖလားတတိယအဆင့် ခြေစစ်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင်အသင်းသည် ခြေစစ်ပွဲမတိုင်မီ ပြည်ပအသင်းများနှင့် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားတော့မည်မဟုတ်ဘဲ MNL All Stars အသင်းနှင့်သာ ခြေစမ်းပွဲအဖြစ် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) သည် ၂၀၂၇ အာရှဖလားတတိယအဆင့် ခြေစစ်ပွဲမတိုင်မီ ယခုလအတွင်း ဗီယက်နမ်လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲကစားရန် စီစဉ်ခဲ့သော်လည်း ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်(VFF) နှင့် ခြေစမ်းကစားမည့်ရက် ညှိနှိုင်းမှုများ သဘောတူညီမှုမရခဲ့သောကြောင့် ပျက်ပြယ်ခဲ့ရသည်။
ထို့နောက် MFF သည် အာရှဖလားတတိယအဆင့် ခြေစစ်ပွဲမတိုင်မီ မြန်မာ့လက်ရွေးစင်အသင်းအား အခြားပြည်ပအသင်းတစ်သင်းနှင့် ပြည်တွင်း၌ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားခွင့်ရရန် ကြိုးပမ်းခဲ့သော်လည်း အဆင်မပြေခဲ့ကြောင်း သိရသည်။
ထို့ကြောင့် MFF သည် အာရှဖလားတတိယအဆင့် ခြေစစ်ပွဲမတိုင်မီ မြန်မာ့လက်ရွေးစင်အသင်းအား ပြည်ပအသင်းများနှင့် ခြေစမ်းကစားရန် ကြိုးပမ်းနေမှုကို ရုပ်သိမ်းလိုက်ပြီဖြစ်ပြီး ပြည်တွင်း MNL All Stars အသင်းနှင့်သာ ခြေစမ်းပွဲအဖြစ် ယှဉ်ပြိုင်ကစားသွားတော့မည် ဖြစ်ကြောင်း သိရသည်။
MFF သည် လက်ရှိတွင် မြန်မာ့လက်ရွေးစင်အသင်းနှင့် MNL All Stars အသင်းတို့၏ ခြေစမ်းပွဲကစားမည့်ရက်ကို အတည်မပြုသေးဘဲ ထပ်မံထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၇ အာရှဖလားတတိယအဆင့်ခြေစစ်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင်အသင်းသည် ပြီးခဲ့သည့်မတ် ၃ ရက်မှစ၍ လေ့ကျင့်မှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် ဦးမျိုးလှိုင်ဝင်းသည် အသင်းကို ပဏာမကစားသမား ၄၂ ဦးဖြင့် ဖွဲ့စည်းထားပြီး လေ့ကျင့်မှုများ စတင်နေခြင်းဖြစ်သည်။
လက်ရှိတွင် မြန်မာ့လက်ရွေးစင်အသင်း၌ AFC Challenge League ပြိုင်ပွဲ ကွာတားဖိုင်နယ် ကစားနေသည့် ရှမ်းယူနိုက်တက်အသင်းမှ ကစားသမားများနှင့် ပြည်ပထွက်ကစားနေသည့် ကစားသမားများမှာမူ ပူးပေါင်းနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်အသင်းတွင် ရွေးချယ်ခံထားရသည့် ရှမ်းယူနိုက်တက်အသင်းမှ ကစားသမားများမှာ AFC Challenge League ပြိုင်ပွဲ ကွာတားဖိုင်နယ်၊ ဒုတိယအကျော့အပြီး မတ် ၁၃ ရက် နောက်ပိုင်းမှ ပူးပေါင်းနိုင်မည်ဖြစ်သလို ပြည် ပထွက်ကစားနေသည့် ကစားသမားများမှာလည်း မတ်လတတိယပတ်အတွင်းမှ ပူးပေါင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၇ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲတွင် ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန်အသင်းတို့နှင့် အုပ်စု(E) တွင် ကျရောက်နေပြီး အုပ်စုအဖွင့်ပွဲအဖြစ် မတ် ၂၅ ရက်တွင် အာဖဂန်နစ္စတန်အသင်းနှင့် ရန်ကုန်မြို့တွင် အိမ်ကွင်းပွဲစဉ် ကစားရမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ကျင်းပပြီးခဲ့သည့် ၂၀၂၄ အာဆီယံဖလားပြိုင်ပွဲမတိုင်မီကလည်း MNL All Stars အသင်းနှင့် ခြေစမ်းကစားခဲ့ပြီး ထိုစဉ်က(၁-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
ထိုစဉ်က MNL All Stars အသင်းကို ဦးဇော်လင်းထွန်းက နည်းပြအဖြစ် ကိုင်တွယ်ခဲ့သည်။

မူရင်းသတင်း — Eleven Media Group