
အာဆင်နယ်အသင်းနည်းပြ အာတီတာသည် မန်ယူအသင်းနှင့် သရေကျပြီးနောက် ချန်ပီယံမျှော်လင့်ချက် အဆုံးသတ်သွားပြီလားဟု မေးမြန်းမှုကြောင့် ဒေါသပေါက်ကွဲခဲ့ပြီး ဆက်မဖြေဘဲ ထွက်ခွာသွားကြောင်း သိရသည်။
မတ် ၉ ရက်က အိုးလ်ထရက်ဖို့ဒ်ကွင်း၌ ယှဉ်ပြိုင်ကစားသည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် မန်ယူနှင့် အာဆင်နယ်အသင်း (၁-၁) ဂိုးငြဖ့် သရေကျခဲ့ပြီး ၄၅+၂ မိနစ်တွင် ဘရူနိုဖာနန်ဒက်စ်က ပြစ်ဒဏ်ဘောကို တိုက်ရိုက်ကန်သွင်း၍ မန်ယူအသင်းအတွက် ဦးဆောင်ဂိုးသွင်းယူကာ ၇၄ မိနစ်တွင် ဒက်ကလန်ရိုက်စ်က ချေပဂိုးပြန်လည်သွင်းယူခဲ့သည်။
အာဆင်နယ်အသင်းသည် ယခုပွဲသရေရလဒ်ကြောင့် ၂၈ ပွဲကစား၊ ၅၅ မှတ်ရရှိထားပြီး ဇယားထိပ်ဆုံးမှ လီဗာပူးလ်အသင်းနှင့် တစ်ပွဲလျော့၊ ၁၅ မှတ်ပြတ်သွားပြီဖြစ်သည်။
ထို့ကြောင့် ချန်ပီယံယှဉ်ပြိုင်မှုပြီးဆုံးသွားပြီလားဟု မေးမြန်းမှုအပေါ် အာတီတာက ''ကျွန်တော် အဲဒါကိုမပြောချင်ဘူး။ ဒီနေ့ စိတ်ပျက်ရတာက ကျွန်တော်တို့ နိုင်ပွဲမရလို့ပါ။ ကျွန်တော်တို့အနေနဲ့ ချန်ပီယံဆုစိန်ခေါ်နိုင်မယ့် အခွင့်အရေးရချင်တယ်ဆိုရင် ပွဲအားလုံး အနိုင်ကစားဖို့လိုအပ်ပြီး အဲဒါက အရေးကြီးတယ်ဆိုတာကို သိပါတယ်။ အခု အဲဒီအကြောင်းပြောဖို့ အချိန်ကောင်းဖြစ်မယ်လို့ ကျွန်တော်မထင်ဘူး'' ဟု ဖြေကြားသည်။
မေးခွန်းများစွာဖြေကြားပြီးနောက် ဇန်နဝါရီတွင် တိုက်စစ်မှူးသစ်တစ်ဦး မခေါ်ယူနိုင်ခြင်းအတွက် နောင်တရမိသလားဟု မေးမြန်းမှုကို ၎င်းက ''မဟုတ်ပါဘူး။ အဲဒါကြောင့် မဟုတ်ပါဘူး'' ဟု တုံ့ပြန်ခဲ့သည်။
ထို့ပြင် Sky Sports သတင်းဌာန၏ အင်တာဗျူးမေးမြန်းသူက မေးခွန်းတစ်ခု ထပ်မေးခွင့်ပြုရန် တောင်းဆိုရာ အာတီတာက ခွင့်ပြုခဲ့သည်။
သို့သော် ''ချန်ပီယံယှဉ်ပြိုင်မှုအကြောင်း ကျွန်တော်မေးချင်တယ်။ ဘာလို့လဲဆိုတော့ အခုဆိုရင် ၁၅ မှတ်ပြတ်သွားပြီ။ အဲဒါက အရမ်းမများလွန်းဘူးလား'' ဟု မေးမြန်းမှုအပေါ် အာတီတာက ''မဟုတ်ပါဘူး။ ကျေးဇူးပဲ'' ဟု ပြောဆိုကာ ထွက်ခွာသွားခြင်းဖြစ်သည်။
ယခုတစ်ပတ်ပွဲစဉ်များအပြီးတွင် လီဗာပူးလ်အသင်း၏ ချန်ပီယံဖြစ်နိုင်ခြေမှာ ၉၉ ဒသမ ၆၆ ရာခိုင်နှုန်းအထိ သေချာနေပြီး အာဆင်နယ်အသင်းမှာ သုည ဒသမ ၃၄ ရာခိုင်နှုန်းသာရှိတော့ကြောင်း Opta က တွက်ချက်ထားသည်။
လီဗာပူးလ်အသင်းသည် လက်ကျန်ကိုးပွဲတွင် ၁၆ မှတ်ရယူနိုင်ရုံဖြင့် ချန်ပီယံဆု ဆွတ်ခူးရရှိမည်ဖြစ်သည်။