Eleven Media Group

အာဆင်နယ်နှင့်ပွဲမတိုင်မီ ထောင်နှင့်ချီသည့် မန်ယူအသင်း ပရိသတ်များစုဝေး၍ အသင်းပိုင်ရှင်များကို ဆန္ဒပြ

Photo: LiveScore

ထောင်နှင့်ချီသည့် မန်ယူအသင်းပရိသတ်များသည် မတ် ၉ ရက်က အာဆင်နယ်အသင်းနှင့်ကစားသည့် ပရီးမီးယားလိဂ်ပွဲမတိုင်မီ အသင်းပိုင်ရှင်များကို စုဝေးဆန္ဒပြခဲ့ကြောင်း သိရသည်။
ထောင်ဂဏန်းအထိရှိသည့် ပရိသတ်များသည် တစ်မိုင်နီးပါးအကွာအဝေးမှ အိုးလ်ထရက်ဖို့ဒ်ကွင်းသို့ စုဝေးချီတက်၍ ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
ပရိသတ်များသည် မီးကျည်များထွန်းညှိ၍ ပူးတွဲဥက္ကဋ္ဌဖြစ်သူ ဂျိုယဲလ်ဂလေဇာနှင့် ပူးတွဲရှယ်ယာရှင်ဖြစ်သူ ဗြိတိန်ဘီလျံနာ ဆာဂျင်ရက်ကလစ်ဖ်တို့ကို ရည်ရွယ်ဆဲဆိုထားသည့်သီချင်းများ သီဆိုခဲ့သလို ''ငါတို့ကလပ်ကို ပြန်လိုချင်တယ်'' ၊ ''ခိုးခံထားရတဲ့ ပေါင်တစ်ဘီလီယံ'' ၊ ''ယူနိုက်တက်အတွက် တိုက်ပွဲဝင်ပါ။ ဂလေဇာကို တိုက်ခိုက်ပါ'' ဟု ရေးသားထားသည့် စာတန်းများ၊ အလံများကိုလည်း ကိုင်ဆောင်ခဲ့ကြသည်။
ပရိသတ်များသည် ၂၀၀၅ ခုနှစ်ကတည်းက စတင်ဝယ်ယူခဲ့ပြီး ကြွေးမြီပေါင်တစ်ဘီလီယံအထိ တင်ရှိနေခြင်းအတွက် ဂလေဇာမိသားစုကို ဒေါသထွက်နေသည့်အပြင် ဝန်ထမ်းများ လျှော့ချသလို ရာသီအလယ်ကာလတွင် လက်မှတ်စျေးနှုန်းတိုးမြှင့်လိုက်သည့် ဆာဂျင်ရက်ကလစ်ဖ်၏ ဆုံးဖြတ်ချက်ကိုလည်း မကျေမနပ်ဖြစ်နေကြောင်း သိရသည်။
အဆိုပါ ဆန္ဒပြမှုနှင့်ပတ်သက်၍ အာဆင်နယ်အသင်းနှင့်ပွဲအပြီးတွင် မန်ယူအသင်းနည်းပြ အာမိုရင်က ''လူတွေဆီမှာ ဆန္ဒပြခွင့် ရှိပါတယ်။ အဲဒီလိုလုပ်ရတာ ကောင်းတယ်လို့ ကျွန်တော်ထင်တယ်။ ဒါက ကျွန်တော်တို့ ကလပ်ရဲ့ အဖွဲ့အစည်းတစ်ခုပါ။ လူတိုင်းမှာ အသံကိုယ်စီရှိကြပါတယ်'' ဟု သုံးသပ်ပြောကြားသည်။

မူရင်းသတင်း — Eleven Media Group