
မန်ယူအသင်း၏ ပူးတွဲပိုင်ရှင်ဖြစ်သူ ဆာဂျင်မ်ရက်ကလစ်ဖ်က လက်ရှိနည်းပြ အာမိုရင်မ်သည် အသင်းတွင် ကာလရှည်ဆက်ရှိမည်ဟု ထင်မြင်ကြောင်းနှင့် ပရီးမီးယားလိဂ်ချန်ပီယံဆုကို (၃)နှစ်အတွင်း ရရှိနိုင်ကြောင်း ပြောကြားခဲ့သည်။
ဆာဂျင်မ်ရက်ကလစ်ဖ်သည် BBC နှင့် ပြုလုပ်သည့် အင်တာဗျူးအစီအစဉ်တွင် မန်ယူအသင်းနှင့်ပတ်သက်သည့် အကြောင်းအရာများစွာကို ပြောကြားခဲ့ရာ၌ အဆိုပါအချက်များကို ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဆာဂျင်မ်ရက်ကလစ်ဖ်သည် ၂၀၂၄ ဖေဖော်ဝါရီလတွင် မန်ယူအသင်း၏ ရှယ်ယာ (၂၅%)ကို ဝယ်ယူကာ အသင်း၏ ပူးတွဲပိုင်ရှင်တစ်ဦး ဖြစ်လာခဲ့ပြီးနောက် လက်ရှိအချိန်တွင် အသင်း၏ ဘောလုံးရေးရာကိစ္စများကို စီမံဆောင်ရွက်ခွင့် ရရှိ နေသူဖြစ်သည်။
၎င်းအနေဖြင့် မန်ယူအသင်းအား ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လျက်ရှိရာတွင် ငွေကြေးအကျိုးအမြတ်အပေါ် ရှေ့တန်းတင်သည့်အတွက် ဝေဖန်ပြစ်တင်မှုများနှင့်လည်း ရင်ဆိုင်နေရသည်။
သို့သော် ကွင်းသစ်စီမံကိန်းကို အကောင်အထည်ဖော်ရန် လုပ်ဆောင်နေခြင်းနှင့် ပရီးမီးယားလိဂ်ချန်ပီယံဆု ပြန်လည်ရယူနိုင်ရန် စီမံကိန်းချမှတ်နေခြင်းတို့အတွက်မူ ပရိသတ်များထံမှ အားပေးထောက်ခံမှုများ ရရှိနေသည်။
ယခုအခါ BBC နှင့်ပြုလုပ်သည့် အင်တာဗျူးအစီအစဉ်၌လည်း ပရီးမီးယားလိဂ်ချန်ပီယံဆုကို (၃)နှစ်အတွင်း ရယူနိုင်ရန် ရည်မှန်းထားကြောင်း ထပ်မံပြောကြားခဲ့ခြင်းဖြစ်သည်။
မန်ယူအသင်းသည် ၁၈၇၈ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်သောကြောင့် သက်တမ်း (၁၅၀)ပြည့်မည့် ၂၀၂၈ ခုနှစ်တွင် ပရီးမီးယားလိဂ်ချန်ပီယံဆု ပြန်လည်ရယူနိုင်ရန် ဆာဂျင်မ်ရက်ကလစ်ဖ်က ပစ်မှတ်ထားနေခြင်းဖြစ်ကြောင်း သိရသည်။
''ကျွန်တော်တို့ အမှားတွေ အများကြီးလုပ်ထားပါတယ်။ ပြည့်စုံမှု မရှိသေးပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ရှေ့ကို ရွေ့နေပါတယ်။ ၂၀၂၈ မှာ ကျွန်တော်တို့ ပရီးမီးယားလိဂ်ချန်ပီယံဆု ရရှိနိုင်ပါတယ်။ ဒါဟာ မဖြစ်နိုင်တဲ့ စီမံကိန်းမဟုတ်ပါဘူး'' ဟု ဆာဂျင်မ်ရက်ကလစ်ဖ်က ပြောကြားခဲ့သည်။
နည်းပြ အာမိုရင်မ်နှင့်ပတ်သက်၍လည်း ''သူက သူ့ အလုပ်ကို ကောင်းကောင်းလုပ်ဆောင်နေတာပါ။ သူက ထိပ်တန်းနည်းပြတစ်ယောက်ဖြစ်ပြီး ဒီမှာ ကာလရှည်ဆက်ရှိလိမ့်မယ်လို့ ထင်ပါတယ်''ဟု ၎င်းက ပြောကြားခဲ့သည်။