
ချယ်လ်ဆီးအသင်း၏ နည်းပြ့ဖြစ်သူ အန်ဇိုမာရက်စကာက ချယ်လ်ဆီးအသင်းပရိသတ်များအနေဖြင့် မိမိတို့အသင်းကို PlayStation ဂိမ်းတွင် ကစားနေသလို ပွဲတိုင်းကိုလွယ်လွယ်ကူကူနိုင်နေလိမ့်မည်ဟု မမျှော်လင့်သင့်ကြောင်း သတိပေးပြောကြားခဲ့သည်။
ချယ်လ်ဆီးအသင်းသည် တန်းဆင်းဇုန်တွင် ရုန်းကန်နေရသည့် လက်စတာအသင်းကို အိမ်ကွင်းတွင် ကစားခဲ့သည့်ပွဲ၌ နိုင်ပွဲရရန်အတွက် အသည်းအသန် ရုန်းကန်ခဲ့ရခြင်းအပေါ် ပရိသတ်များက ကွင်းအတွင်း အော်ဟစ်လှောင်ပြောင်မှုများ ပြုလုပ်ခဲ့ကြသည့်အတွက် မာရက်စကာက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
မာရက်စကာက ''လက်စတာအသင်းက အာဆင်နယ်အသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ (၈၃) မိနစ်အထိ (၀-၀) ကစားခဲ့တယ်။ မန်စီးတီးအသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာတုန်းကလည်း အခက်တွေ့အောင် ကစားနိုင်ခဲ့တယ်။ အခု ဒီပွဲမှာလည်း ဒီအတိုင်းဖြစ်ခဲ့တာပဲ။ ပရိသတ်တွေအနေနဲ့ ဘောလုံးကစားတာကို PlayStation မှာလို ပွဲတိုင်းကို အလွယ်တကူ နိုင်နေလိမ့်မယ်လို့ မမျှော်လင့်သင့်ပါဘူး။ လုံးဝမလွယ်ပါဘူး။ ပွဲတိုင်းက ခက်ခဲပါတယ်''ဟု ပြောကြားခဲ့သည်။
ချယ်လ်ဆီးအသင်းသည် ဒီဇင်ဘာလမှစတင်ပြီး ရလဒ်များ ဆိုးရွားခဲ့သော်လည်း လက်ရှိအချိန်တွင် ပြိုင်ပွဲစုံနောက်ဆုံး(၃)ပွဲဆက် အနိုင်ရရှိထားသောကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အခြေအနေပြန်ကောင်းလာခဲ့သည်။