
ကျင်းပပြီးစီးခဲ့သည့် ၂၀၂၄-၂၀၂၅ ရာသီ MNL အမှတ်ပေးပြိုင်ပွဲနှင့် MNL League Cup ပြိုင်ပွဲနှစ်ခုစလုံးတွင် ချန်ပီယံဖြစ်ခဲ့သည့် ရှမ်းယူနိုက်တက်အသင်းသည် လာမည့်ရာသီ ပြည်ပကလပ်ပြိုင်ပွဲနှစ်ခုစလုံး ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။
MNL အမှတ်ပေးချန်ပီယံအသင်းသည် အာရှဘောလုံးအဖွဲ့ချုပ်(AFC)က ကျင်းပသည့် AFC Challenge League ပြိုင်ပွဲနှင့် အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF)က ကျင်းပသည့် အာဆီယံကလပ် ချန်ပီယံရှစ်ပြိုင်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခြင်းဖြစ်ပြီး ရှမ်းယူနိုက်တက်အသင်းသည် လာမည့်ရာသီတွင် ယင်းပြိုင်ပွဲနှစ်ခုစလုံး ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။
အာဆီယံဘောလုံးအဖွဲ့ချုပ်သည် အာဆီယံကလပ်ချန်ပီယံရှစ်ပြိုင်ပွဲကို ၂၀၂၄-၂၀၂၅ ရာသီမှ ပြန်လည်ကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် အမှတ်ပေးချန်ပီယံအသင်း ယှဉ်ပြိုင်ခွင့်ပြုထားခြင်းဖြစ်သည်။
သို့သော် မြန်မာကလပ်အသင်းသည် နောက်ဆုံးအဆင့်တွင် တိုက်ရိုက်ယှဉ်ပြိုင်ခွင့်မရဘဲ ခြေစစ်ပွဲအဆင့်မှ စတင်ကစားရခြင်းဖြစ်သည်။
၂၀၂၄-၂၀၂၅ အာဆီယံ ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သည့် ရှမ်းယူနိုက်တက်အသင်းသည် ရလဒ်ကောင်းရယူနိုင်ခြင်းမရှိဘဲ အုပ်စုအဆင့်မှ ထွက်ခဲ့ရသဖြင့် လာမည့်ရာသီတွင်လည်း ခြေစစ်ပွဲအဆင့်မှသာ ယှဉ်ပြိုင်ခွင့်ရဖွယ်ရှိနေသည်။
အာရှဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၄- ၂၀၂၅ ရာသီမှစတင်ကာ ကလပ်ပြိုင်ပွဲ (၃)ခု ပြန်လည်ကျင်းပနေပြီး မြန်မာကလပ်အသင်းအနေဖြင့် တတိယအဆင့်ရှိ AFC Challenge League ပြိုင်ပွဲတွင်သာ ယှဉ်ပြိုင်ခွင့်ရရှိခြင်း ဖြစ်သည်။
AFC Challenge League ပြိုင်ပွဲကို ယခင်က AFC President's Cup ပြိုင်ပွဲအမည်ဖြင့် ပြီးခဲ့သည့် ဆယ်စုနှစ်တစ်ခုဝန်းကျင်အထိ ကျင်းပခဲ့ကာ နောက်ပိုင်း တွင် မကျင်းပဖြစ်ဘဲ ၂၀၂၄-၂၀၂၅ ရာသီမှ အမည်ပြောင်း လဲကျင်းပခြင်းဖြစ်သည်။
မြန်မာကလပ် ရှမ်းယူနိုက်တက်အသင်းသည် ၂၀၂၄-၂၀၂၅ ရာသီ AFC Challenge League ပြိုင်ပွဲတွင်လည်း ယှဉ်ပြိုင်ခွင့်ရခဲ့ကာ အုပ်စုအဆင့်တွင် ပထမနေရာဖြင့် နောက်တစ်ဆင့်တက်ရောက်နိုင်ခဲ့ပြီး ကွာတားဖိုင်နယ်တွင် ကမ္ဘောဒီးယားကလပ် Svay Reing အသင်းကို ပထမအကျော့တွင် (၂-၆)ဂိုးဖြင့် ရှုံးနိမ့်ထားသည်။
ရှမ်းယူနိုက်တက်အသင်းသည် မတ်(၁၃)ရက်တွင် ဒုတိယအကျော့ အိမ်ကွင်းပွဲကစားရန် ကျန်ရှိသေးသော်လည်း ပထမအကျော့ ဂိုးပြတ်ရှုံးပွဲကြောင့် ကွာတားဖိုင်နယ်အဆင့်ဖြင့်သာ ကျေနပ်ရဖွယ်ရှိနေသည်။
ရှမ်းယူနိုက်တက်အသင်းသည် ပြည်တွင်းလိဂ်တွင် စံချိန်တင်အောင်မြင်မှုများစွာ ရယူနေသော်လည်း နိုင်ငံတကာပြိုင်ပွဲများတွင် ရလဒ်ကောင်းရယူနိုင်ရန် ရုန်းကန်နေရဆဲ ဖြစ်သည်။
ကျင်းပပြီးစီးခဲ့သည့် ၂၀၂၄-၂၀၂၅ ရာသီ MNL အမှတ်ပေးပြိုင်ပွဲတွင် ရှမ်းယူနို်က်တက်အသင်းသည် ပြိုင်ပွဲသမိုင်းတစ်လျှောက် နိုင်ပွဲအများဆုံး၊ ရမှတ်အများဆုံး၊ (၃) ရာသီဆက်နှင့် (၄) ကြိမ်မြောက် တစ်ရာသီလုံး ရှုံးပွဲမရှိစံချိန်နှင့်အတူ အမှတ်ပေးချန်ပီယံဆုကို စံချိန်တင် (၆) ကြိမ်မြောက် ရယူနိုင်ခဲ့သည်။
ရှမ်းယူနိုက်တက်အသင်းသည် ချန်ပီယံဆု (၆) ကြိမ်ဖြင့် ပြိုင်ပွဲသမိုင်းတစ်လျှောက် အအောင်မြင်ဆုံးအသင်းဖြစ်လာသလို (၅)ရာသီဆက် ချန်ပီယံဆုရရှိသည့် ပထမဆုံးအသင်းဖြစ်လာသည်။
ထို့ပြင် ရှမ်းယူနိုက်တက်အသင်းသည် အမှတ်ပေးပြိုင်ပွဲမတိုင်မီ ကျင်းပသည့် MNL League Cup ပြိုင်ပွဲတွင်လည်း ချန်ပီယံဆု ရယူနိုင်ခဲ့သည်။
ရှမ်းယူနိုက်တက်အသင်းသည် ဗိုလ်လုပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်းကို (၁-၀) ဂိုးဖြင့် အနိုင်ရရှိကာ တစ်ရာသီအတွင်း ဖလားနှစ်လုံး ဆွတ်ခူးရရှိခဲ့ပြီး ဒုတိယအကြိမ် တစ်ရာသီအတွင်း ဖလား နှစ်လုံးရရှိခဲ့သည်။