Eleven Media Group

■ ၂၀၂၄-၂၀၂၅ ရာသီ ဖူဆယ်လိဂ်-၁ ပြိုင်ပွဲချန်ပီယံ MIU အသင်း မတ်လ ၁၆ ရက် ရာသီပိတ်ပွဲစဉ်အပြီးတွင် ဆုဖလားလက်ခံရယူမည်

Photo: MIU Futsal Club

၂၀၂၄-၂၀၂၅ ရာသီ MFF ဖူဆယ်လိဂ်-၁ ပြိုင်ပွဲွဲချန်ပီယံ MIU အသင်းသည် မတ်လ ၁၆ ရက်၌ကစားမည့် ရာသီပိတ်ပွဲစဉ်(၁၈)အပြီးတွင် ဆုဖလားလက်ခံရယူမည်ဖြစ်ကြောင်း သိရသည်။

MIU အသင်းသည် ပွဲစဉ် (၁၆) အပြီး၌ လက်ကျန်နှစ်ပွဲအလိုတွင် ချန်ပီယံဆု ဆွတ်ခူးရရှိခဲ့့ခြင်းဖြစ်သည်။

ပွဲစဉ် (၁၆) အပြီးတွင် ချန်ပီယံနှင့် ဒုတိယဆုရအသင်းများ အဖြေထွက်ပေါ်ခဲ့ပြီး MIU အသင်းက ချန်ပီယံဆု၊ MH Dream Team အသင်းက ဒုတိယဆုရရှိခဲ့ကာ လက်ကျန်နှစ်ပွဲတွင် အခြားအဆင့်ရပ်တည်မှုများအတွက်သာ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

MIU အသင်းသည် နှစ်ရာသီဆက်တိုက် အမှတ်ပေးချန်ပီယံဆုနှင့် လွဲချော်ပြီးနောက် ယခုရာသီတွင် ချန်ပီယံဆု တစ်ကျော့ပြန် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

နှစ်ရာသီဆက် ဗိုလ်စွဲထားသည့် VUC အသင်းသည် ယခုရာသီမစတင်မီ အမာခံ လက်ရွေးစင်ကစားသမားအများစုကို အသင်းမှ ထွက်ခွာခွင့်ပြုခဲ့ပြီး လူငယ်များဖြင့် အသစ်ပြန်လည်တည်ဆောက်နေသောကြောင့် ရုန်းကန်ခဲ့ရသည့်အပြင် (၃)ရာသီဆက် ချန်ပီယံအိပ်မက်ပျက်ပြယ်ကာ တတိယနေရာရရန်သာ အမြင့်ဆုံး မျှော်လင့်နိုင်မည်ဖြစ်သည်။

MIU အသင်းသည် ရာသီအစတွင် ပြည်တွင်း၊ ပြည်ပကစားသမားသစ်များစွာ ခေါ်ယူအားဖြည့်ခဲ့သလို ရာသီဝက်အပြောင်းအရွှေ့ကာလတွင် ကာလရှည်ပွဲပယ်ခံထားရသည့် ခင်ဇော်လင်း၊ ကျော်စိုးမိုးအပါအဝင် ကစားသမားဟောင်းများ ပြန်လည်ရောက်ရှိ လာသောကြောင့် အသင်းအင်အားပိုမိုတောင့်တင်းကာ ချန်ပီယံဆု ပြန်လည်ရယူနိုင်ခြင်းဖြစ်သည်။

ရာသီကြိုပြင်ဆင်မှုများစွာ ပြုလုပ်ခဲ့သည့်နှစ်သင်းအနက် MH Dream Team အသင်းသည် ဒုတိယနေရာ ရယူနိုင်သော်လည်း YRG အသင်းမှာမူ ပြင်ဆင်မှုနှင့် အဆင့်ရပ်တည်မှု အချိုးမကျသေးဘဲ တတိယနေရာရရန်ပင် ရုန်းကန်နေရသည်။

YRG အသင်းသည် လက်ရွေးစင်အဆင့် ပြည်တွင်းကစားသမားများအပြင် နိုင်ငံခြားသားကစားသမား (၃)ဦးအထိ ခေါ်ယူခဲ့သော်လည်း အသင်းကြီးများနှင့် တွေ့ဆုံရာတွင် ရလဒ်မကောင်းဘဲ ဒုတိယအကျော့တွင် MIU နှင့် VUC အသင်းတို့ကို (၆)ဂိုးပြတ် ရှုံးနိမ့်သည်အထိ အခြေအနေဆိုးရွားခဲ့သည်။

တတိယနေရာအတွက် VUC အသင်းနှင့် YRG အသင်း ရမှတ်တူဖြင့် အပြိုင်ဖြစ်နေပြီး လက်ကျန်နှစ်ပွဲမှာ အဆုံးအဖြတ်ဖြစ်လာမည်ဖြစ်ကာ VUC အသင်းက ပွဲကျပ်များ ကစားရမည်ဖြစ်သည်။

MFF ဖူဆယ်လိဂ်-၁ ပြိုင်ပွဲ ပြီးဆုံးရန် နှစ်ပွဲသာ လိုတော့ပြီး မတ် (၁၃၊ ၁၆)ရက်တွင် ကျင်းပမည်ဖြစ်သည်။

မတ်(၁၆)ရက်တွင်ကျင်းပမည့် နောက်ဆုံးရက်သတ္တပတ်ဖြစ်သည့် ပွဲစဉ် (၁၈) အပြီးတွင် ဆုချီးမြှင့်ပွဲ ဆက်လက်ကျင်းပမည်ဖြစ်သည်။

မူရင်းသတင်း — Eleven Media Group