
၂၀၂၅ Soccer Aid ရန်ပုံငွေပွဲစဉ်၌ အင်္ဂလန်တိုက်စစ်မှူးဟောင်း ဝိန်းရွန်နီနှင့် ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံဟောင်း တိုင်ဆန်ဖျူရီတို့က အင်္ဂလန်အသင်း မန်နေဂျာအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝိန်းရွန်နီ၊ တိုင်ဆန်ဖျူရီအပြင် အင်္ဂလန် အသင်း မန်နေဂျာအဖြစ် နည်းပြဟောင်းဖြစ် သူ ဟာရီရက်နက်ပ်၊ ဗြိတိန်မင်းသမီး ဗစ်ကီ ကလူရေးတို့လည်း ခန့်အပ်ခံထားရသည်။ Soccer Aid သည် UNICEF အတွက် ရန်ပုံ ငွေ ရှာဖွေပေးနေသည့် အဖွဲ့အစည်းဖြစ်ပြီး ဂန္ထဝင်ကစားသမားဟောင်းများ၊ နယ်ပယ် အသီးသီးမှ ထင်ရှားကျော်ကြားသူများ ပါဝင်သည့် အင်္ဂလန်အသင်းနှင့် ကမ္ဘာ့အသင်းတို့ အင်္ဂလန်တွင် နှစ်စဉ် ရန်ပုံငွေပွဲများ ကစားနေခြင်းဖြစ်သည်။
Soccer Aid ပွဲများကို ၂၀၀၆ ခုနှစ်ကတည်းက စတင်ကစားခဲ့ပြီး အစောပိုင်းက နှစ်နှစ်တစ်ကြိမ် ကစားခဲ့သော်လည်း ၂၀၁၈ ခုနှစ်မှစတင်ကာ နှစ်စဉ် ပုံမှန်ကစားခဲ့သည်။
ရွန်နီ(၃၉ နှစ်)သည် ၂၀၂၀ Soccer Aid ရန်ပုံငွေပွဲတွင် ပူးတွဲမန်နေဂျာ အဖြစ် တာဝန်ယူခဲ့ဖူးပြီး ၂၀၂၁ ခုနှစ်တွင်မူ ကစားသမားအဖြစ် ဝင်ရောက်ကစားခဲ့သည်။
ယခုနှစ်တွင်မူ မန်နေဂျာအဖြစ်သာမက ရန်ပုံငွေပွဲကို ဝင်ရောက်ကစားမည်ဖြစ်ကြောင်း သိရသည်။ ၂၀၂၅ Soccer Aid ပွဲကို မန်ယူ အသင်း၏အိမ်ကွင်းဖြစ်သည့် အိုးလ်ထရက် ဖို့ဒ်ကွင်းတွင် ယှဉ်ပြိုင်ကစားရန် စီစဉ်ထားခြင်းဖြစ်သည်။
၂၀၂၄ Soccer Aid ပွဲကိုမူ ချယ်လ်ဆီးအသင်း၏ အိမ်ကွင်းဖြစ်သည့် စတမ်းဖို့ဒ်ဘရစ်ချ်တွင် ကစားခဲ့ခြင်းဖြစ်ပြီး UNICEF ရန်ပုံငွေအဖြစ် ပေါင် ၁၅ သန်းကျော်အထိ ရှာဖွေနိုင်ခဲ့ကြောင်း BBC Sports က ဖော်ပြခဲ့သည်။