
ဘာစီလိုနာဉက္ကဌ လာပေါ်တာက ဒမ်ဘီလီကို ဘာပေထက်ပိုကောင်းမယ့်သူဆိုပြီး နိမိတ်ဖတ်ဖူးတယ်။ အဲဒီစကားကို လာပေါ်တာက ၂၀၂၁ ခုနှစ်အတွင်းမှာ ပြောခဲ့တာပါ။ လာပေါ်တာပြောပြီးသိပ်မကြာပါဘူး။ ဇာဗီကလည်း ဒမ်ဘီလီက ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်လာမယ်လို့ အမွှမ်းတင်ခဲ့ပြန်တယ်။ ဘာစီလိုနာ အသိုင်းအဝိုင်းက ဒမ်ဘီလီကို အကြီးအကျယ်မျှော်လင့်ပြီး ပေါင် ၁၃၅ ဒဿမ ၅ သန်း ပေးခဲ့ပါတယ်။ အဲဒီပမာဏက လက်ရှိအချိန်အထိ ကမ္ဘာ့ဒုတိယတန်ဖိုးအမြင့်မားဆုံးပြောင်းရွှေ့ကြေးဖြစ်နေဆဲပါ။
ဘာစီလိုနာဉက္ကဌ လာပေါ်တာက ဒမ်ဘီလီကို ဘာပေထက်ပိုကောင်းမယ့်သူဆိုပြီး နိမိတ်ဖတ်ဖူးတယ်။ အဲဒီစကားကို လာပေါ်တာက ၂၀၂၁ ခုနှစ်အတွင်းမှာ ပြောခဲ့တာပါ။ လာပေါ်တာပြောပြီးသိပ်မကြာပါဘူး။ ဇာဗီကလည်း ဒမ်ဘီလီက ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်လာမယ်လို့ အမွှမ်းတင်ခဲ့ပြန်တယ်။ ဘာစီလိုနာ အသိုင်းအဝိုင်းက ဒမ်ဘီလီကို အကြီးအကျယ်မျှော်လင့်ပြီး ပေါင် ၁၃၅ ဒဿမ ၅ သန်း ပေးခဲ့ပါတယ်။ အဲဒီပမာဏက လက်ရှိအချိန်အထိ ကမ္ဘာ့ဒုတိယတန်ဖိုးအမြင့်မားဆုံးပြောင်းရွှေ့ကြေးဖြစ်နေဆဲပါ။
ဘာစီလိုနာရဲ့ဒမ်ဘီလီရင်းနှီးမြှုပ်နှံမှုဟာ ခွက်ခွက်လန်အောင် ရှုံးခဲ့ပါတယ်။ ဒဏ်ရာပြဿနာတွေကြားနစ်မွန်းခဲ့သူ ဒမ်ဘီလီဟာဆေးရုံအုပ်ကြီးဘွဲ့ပိုင်ဆိုင်ခဲ့တယ်။ ဘာစီလိုနာကစားသမားဘဝ ၆ ရာသီအတွင်းမှာ ဂိုးလေးဆယ်သာသွင်းနိုင်ပေမယ့် လာလီဂါချန်ပီယံသုံးကြိမ်ရတာတော့ သူ့ဇာတာလို့ဆိုရမယ်။ ဒမ်ဘီလီကြောင့် ဘာစီလိုနာနဲ့ PSG စစ်ခင်းခဲ့ရတယ်။ သီတာဒေဝီကြောင့် နှစ်ပြည်ထောင် ရာဇဝင်တွင်အောင် စစ်ခင်းရသလိုမျိုး မဟုတ်ပေမယ့် ဒမ်ဘီလီကြောင့် ဖြစ်တဲ့စစ်ဟာ တင်းမာခဲ့တာအမှန်ပဲ။
ဒဏ်ရာတောထဲ ဖြတ်သန်းနေရပေမယ့် ဒမ်ဘီလီက သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ ဆွေးနွေးတော့ တစ်နှစ်လစာ ယူရို (၄၃)သန်းအထိ တောင်းဆိုခဲ့ဖူးတယ်။ပြီးတော့ ချန်ပီယံလိဂ်ဖလားရရင် ယူရို(၅)သန်း၊ လာလီဂါချန်ပီယံဖြစ်ရင် ယူရို(၂)သန်း ဆုကြေးထပ်ပေးဖို့လည်း တောင်းဆိုခဲ့ဖူးတယ်။ ဘာလို့များ ဒဏ်ရာတောထဲ နစ်မွန်းနေပြီးဆေးရုံအုပ်ကြီးလို့ တံဆိပ်ကပ်ခံရတဲ့ ဒမ်ဘီလီအတွက်စစ်ခင်းနေရတာလဲဆိုပြီး ဝေဖန်ခဲ့ကြတယ်။ အခု ဒမ်ဘီလီက သူ့အတွက်ဘာစီလိုနာနဲ့ PSG စစ်ခင်းတာမမှားကြောင်းသက်သေပြနေပါတယ်။ PSG ကို ဒမ်ဘီလီ မျှော်လင့်ချက်ကြီးစွာ ပြောင်းခဲ့ပါတယ်။နေမာ၊ မက်ဆီ၊ ဘာပေ ကြယ်ပွင့်တွေမရှိမယ့် PSG တိုက်စစ်ခေတ်ပြောင်းတော်လှန်ရေးအတွက် ဒမ်ဘီလီက အရေးပါဆုံးဖြစ်လာမယ်လို့ ဘယ်သူမှမထင်ထားဘူး။ ဒါပေမဲ့ဒမ်ဘီလီဟာ PSG မှာ သွင်းဂိုးမုန်တိုင်း တသွင်သွင်တိုက်ခတ်နေခဲ့ပါပြီ။
ဘာစီလိုနာမှာ ဒမ်ဘီလီက ကြွက်သားဒဏ်ရာ ၁၄ ကြိမ်ရင်ဆိုင်ရပြီး ၇၈၄ ရက်ကြာအနားယူခဲ့ရပါတယ်။ ဒဏ်ရာပြဿနာအပြင် သူ့ရဲ့စည်းကမ်းမလိုက်နာမှုကလည်း လက်ညိုးထိုးစရာဖြစ်ခဲ့တာပါ။ သူ့ရဲ့ပရော်ဖက်ရှင်နယ်ဆန်မှုက အကောင်းဆုံးမဟုတ်ခဲ့ဘူး။ ညအချိန်မတော်အပြင်ထွက်ကဲတာ၊ ဂိမ်းဆော့လွန်းတာတွေကြောင့် လေ့ကျင့်ခန်းနောက်ကျတာတွေက ဒမ်ဘီလီနဲ့မစိမ်းတဲ့အရာတွေပါပဲ။ ဘာစီလိုနာအသင်းရဲ့ဒဏ်ကြေးအများဆုံးပေးရသူအဖြစ်လည်းမှတ်တမ်းဝင်ခဲ့တယ်။
ဒဏ်ရာအနာတရသာမရှိရင် ဒမ်ဘီလီကစားတာကြည့်ကောင်းပါတယ်။ မြန်နှုန်းမြင့်ပြီး တစ်ဉီးချင်းကျော်ဖြတ်မှုတွေကောင်းမွန်တဲ့ game-changer တစ်ဉီးပါ။ ဒမ်ဘီလီအခုလိုပြောင်းလဲသွားရတဲ့အကြောင်းရင်းက မိသားစုကြောင့်ပါပဲ။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှာဒမ်ဘီလီက ချစ်ရသူရီမာနဲ့ အစ္စလာမ်ရိုးရာအတိုင်းလက်ထပ်ထိမ်းမြားခဲ့တယ်။ အဲဒီမဂ်လာပွဲကိုမော်ရိုကိုနိုင်ငံမှာ ကျင်းပခဲ့ပြီး ဒမ်ဘီလီရဲ့အသင်းဖော်တချို့ တက်ရောက်ခဲ့တယ်။ မဂ်လာပွဲလာတဲ့ဒမ်ဘီလီရဲ့အသင်းဖော်တွေက အံ့အားသင့်ခဲ့ကြတယ်။ဒမ်ဘီလီမှာချစ်သူရှိတယ်ဆိုတာသူတို့တစ်ခါမှမကြာဖူးလို့ပါပဲ။ ကလေးရပြီးချိန်မှာ ဒမ်ဘီလီရဲ့ခံယူချက်ပိုပြီးပြောင်းလဲလာတယ်။ သူ့ရဲ့ ကစားသမားဘဝကိုပိုပြီးတန်ဖိုးထားလာတယ်။ အိမ်မှာအကြောပြင်ဆရာ ခေါ်ပြီး လေ့ကျင်သလို၊ ပြင်သစ်သွားပြီးတော့လည်း ဒဏ်ရာမရအောင်ကြိုတင်ကာကွယ်မှုတွေလုပ်ပြီး သူ့ကိုယ်သူစောင့်ရှောက်ခဲ့တယိ။ ပြင်သစ်အာဟာရပညာရှင်ငှားပြီး ကျန်းမာရေးနဲ့အညီ နေထိုင်စားသောက်ခဲ့ပါတယ်။ ဘာစီလိုနာမှာ ဒမ်ဘီလီရဲ့အလင်းတွေစမြင်လာရသလို၊ ဘာစီလိုနာအသင်းဖော်တွေဆီကနေလည်းယုံကြည်လေးစားမှုစရလာပါတယ်။ PSG ကို ဒမ်ဘီလီပြောင်းသွားလို့ ဘာစီလိုနာကစားသမားတချို့ စိတ်မကောင်းဖြစ်ခဲ့ကြပါသေးတယ်။
PSG ကိုစရောက်ချိန်ကစလို့ ဒမ်ဘီလီရဲ့ယုံကြည်စိတ်ဟာ ခိုင်မာနေခဲ့တာပါ။ ဘာပေကြောင့်သိပ်ပြီးမထင်ရှားခဲ့ပေမယ့် ဘာပေမရှိတဲ့နောက် ဒမ်ဘီလီက ပါရီမြို့ရဲ့Poster Boy ဖြစ်လာပါပြီ။ သွင်းဂိုးတွေ၊ဂိုးဖန်တီးမှုတွေနဲ့ ပိုပြီးယဉ်ပါးလာတယ်။ PSG နည်းပြအဖွဲ့ဝင်တွေက တခါတလေမှာ ဂိုးရအောင်တစ်ကိုယ်ကောင်းဆန်ရမယ်ဆိုပြီး ဒမ်ဘီလီကိုစိတ်ဓာတ်လှုံဆော်ပေးခဲ့ပါတယ်။ ဒမ်ဘီလီက ဖန်တီးပေးလိုစိတ်လည်းလျော့မကျအောင် ထိန်းသိမ်းရင်းဂိုးတွေပိုသွင်းလာနိုင်ပါတယ်။ ကစားရတဲ့နေရာအပြောင်းအလဲကြောင့်လည်း ဒမ်ဘီလီ ပိုထက်မြက်လာတာပါ။ ပြီးခဲ့တဲ့ရာသီက ညတောင်ပံမှာ ကစားရပေမယ့်လက်ရှိရာသီမှာ false nine, ပုံစံ အတွင်းဝင်ပြီးကစားနေရပါတယ်။ အဲဒီပုံစံကြောင့် ဒမ်ဘီလီက ပိုပြီးလွတ်လပ်လာတယ်။ ဂိုးရမယ့်အခွင့်အလမ်းတွေပိုပြီးပိုင်ဆိုင်လာပါတယ်။ ဘယ်ခြေ၊ ညာခြေ၊ ခေါင်းတိုက်ချက်စတဲ့ပုံစံမျိုးစုံနဲ့ ဂိုးတွေသွင်းလာနိုင်ပါတယ်။
PSG နည်းပြလူးဝစ်အင်းနရစ်ရဲ့ Man-management ကောင်းမွန်လို့လည်း ဒမ်ဘီလီ အခုလိုတိုးတက်လာတာပါ။ လူးဝစ်အင်းနရစ်က ဒမ်ဘီလီကိုတင်းလိုက်လျှော့လိုက်ဆက်ဆံနေတာပါ။ ဒမ်ဘီလီရဲ့စိတ်အတက်အကျကိုသိထားပြီး ပွဲမကစားစေဘဲအပြစ်ပေးတာမျိုးလုပ်တတ်တယ်။ ဒမ်ဘီလီက အသင်းဖော်တွေရှေ့မှာ လူးဝစ်အင်းနရစ်နဲ့စကားများဖူးပေမယ့်နောက်တော့ပြန်တောင်းပန်ခဲ့ပါတယ်။ ဒမ်ဘီလီရဲ့မခံချင်စိတ်ကိုလူးဝစ်အင်းနရစ် အကောင်းဆုံးလှုံ့ဆော်ပေးနိုင်ခဲ့တယ်။ ဒမ်ဘီလီကိုယ်တိုင်လည်း သူကိုယ်သူအဆက်မပြတ်မောင်းနှင်နေလို့ နတ်ရေကန်ထဲက တက်လာသလို သစ်လွင်ထက်မြက်နေပါပြီ။ PSG ပရိသတ်တွေလည်း ဘာပေကိုမေ့ပစ်နိုင်ခဲ့ပါပြီ။ သွင်းဂိုးတွေဂိုးဖန်တီးမှုတွေအတွက်ဒမ်ဘီလီရှိနေပြီမဟုတ်ပါလား။
လီဗာပူးလ်နဲ့ချန်ပီယံလိဂ်ပွဲမှာ ဒမ်ဘီလီဟာ ဂိုးတစ်ဂိုးသွင်းပြီး၊ ပယ်နယ်တီအဆုံးအဖြတ်မှာဂိုးတစ်ဂိုးသွင်းပြီး သူရဲကောင်းဆန်ခဲ့ပြန်တယ်။ ဒွန်နာရမ်မာက ပယ်နယ်တီနှစ်ကြိမ်ကာကွယ်ပြီး ပိုထင်ရှားပေမယ့် ဒမ်ဘီလီရဲ့ဉီးဆောင်ဂိုးသာမရှိရင် ပယ်နယ်တီအဆုံးအဖြတ်ဆိုတာ ရှိလာမယ်မထင်ဘူး။ ပယ်နယ်တီကန်သွင်းပြီးနောက် ဒွန်နာရမ်မာဆီသွားပြီး စိတ်ဓာတ်လှုံဆော်ပေးခဲ့တာကလည်း ဒမ်ဘီလီ ဘယ်လောက်သန်မာနေပြီလဲဆိုတာမြင်သာစေတယ်။ တစ်ချိန်တုန်းက ဆေးရုံအုပ်ကြီးဆိုပြီး လှောင်ပြောင်ခံရသူကခေါင်းဆောင်စိတ်ပူးကပ်နေတဲ့အထိအသွင်ပြောင်းလာခဲ့ပြီ။ ပယ်နယ်တီအဆုံးအဖြတ်မှာ PSG အနိုင်ရမယ်မှန်းသေချာပြီးနောကိ လီဗာပူးလ်ကစားသမားတွေရှေ့ ဒမ်ဘီလီခုန်ပေါက်၊ လက်သီးလက်မောင်းတန်းပြီး အောင်ပွဲခံခဲ့တာကလည်းတကယ်မိုက်ပါတယ်။
အဲဒီလိုအခိုက်အတန့်မျိုးကိုဒမ်ဘီလီစောင့်စားနေတာကြာပါပြီ။သံသယမျက်ဝန်းတွေ၊ ဒဏ်ရာထောင်ချောက်တွေကြား ပိတ်မိခဲ့သူတစ်ဉီးရဲ့ လွတ်လပ်စွာပေါက်ကွဲခြင်းပါပဲ။ သူနဲ့ထိုက်တန်ပါတယ်။ ဆေးရုံအုပ်ကြီးဘဝကို ဒမ်ဘီလီချန်ထားနိုင်ခဲ့ပြီ။
ဒမ်ဘီလီရဲ့လက်ရှိရာသီစွမ်းဆောင်ရည်မှတ်တမ်း
လီဂူး သွင်းဂိုး ၂၀ ၊ ဂိုးဖန်တီးမှု ၅ ကြိမ်
ချန်ပီယံလိဂ် သွင်းဂိုး ၇ ဂိုး၊ ဂိုးဖန်တီးမှု ၁ ကြိမ်
ဖလားပွဲ သွင်းဂိုး ၂ ဂိုး