Eleven Media Group

ယူရိုပါလိဂ်(၁၆)သင်းအဆင့် ဒုတိယအကျော့ ပွဲကြိုသုံးသပ်ချက်

Photo: Man Utd

လာဇီယို နှင့် ဗစ်တိုးရီးယားပယ်လ်ဇန် (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)

ပထမအကျော့မှာ လာဇီယိုအသင်း ကိုးယောက်ကျန် အနေအထားနဲ့ အနိုင်ဂိုးသွင်းနိုင်ခဲ့တာက ချီးကျူးစရာကောင်းပါတယ်။ ရောမမြေမှာတော့ လာဇီယိုအသင်းအတွက် အခက်အခဲ မရှိလောက်တော့ဘူး။ ဒါပေမဲ့ ဒီရာသီ တစ်ခုတည်းသော ဖလားမျှော်လင့်ချက်ဖြစ်နေပြီး အိမ်ကွင်းပရိသတ်ရှေ့လည်းဖြစ်လို့ လာဇီယိုအသင်း ဖိဖိစီးစီးတော့ ကစားဦးမှာ သေချာပါတယ်။ ပယ်လ်ဇန် ဥရောပအဝေးကွင်း သိပ်မစွံလို့ လာဇီယိုအသင်းကိုပဲ ကြိုက်တယ်။

အိုလံပီယာကော့စ် နှင့် ဘိုဒယ်ဂလင့် (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)

ပြီးခဲ့တဲ့ရာသီ ကွန်းဖရန့်လိဂ်မှာ အိုလံပီယာကော့စ်အသင်း ဗိုလ်စွဲတုန်းက (၁၆)သင်းအဆင့်မှာ ပထမအကျော့ အိမ်ကွင်းမှာ သုံးဂိုးပြတ်ရှုံးပြီး အဝေးကွင်းမှာ ပြန်လာနိုင်ခဲ့တာတော့ ရှိတယ်။ ဒါပေမဲ့ ဒီလိုစွမ်းဆောင်ရည်မျိုး အိုလံပီယာကော့စ်တို့ နောက်တစ်ကြိမ်ထပ်လုပ်ပြဖို့ဆိုတာ ခက်ခဲ့တာတော့ အမှန်ပါပဲ။ ဂရိမြေ အိမ်ကွင်းလည်းဖြစ်လို့ အိုလံပီယာကော့စ် ဖောင်ဖျက်ကစားမှာတော့ သေချာပါတယ်။ အိုလံပီယာကော့စ် အနိုင်ကစားမှာပါ။

ဖရန့်ဖတ် နှင့် အေဂျက်စ် (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)

ဖရန့်ဖတ်အသင်းအနေနဲ့ ပထမအကျော့ အဝေးကွင်းအနိုင်ရလဒ်နဲ့ ကွာတားဖိုင်နယ်အဆင့်ကို ခြေတစ်ဖက် လှမ်းထားပြီလို့တောင် ပြောနိုင်တယ်။ ဒီရာသီ အသင်းတိုက်စစ်ပိုင်းကို မာမွတ်ရှ်နဲ့ အဓိကတည်ဆောက်ထားတာဖြစ်ပြီး မမျှော် လင့်ဘဲ လက်လွှတ်လိုက်ရချိန်မှာ မာဆေးလ်အသင်းက ၀ါဟီ၊ ၀ါရင့်တိုက်စစ်မှူး ဘတ်ရှူအာယီတို့နဲ့ ပြန်အစားထိုးခဲ့ပေမဲ့ မျှော်လင့်သလောက် ဖြစ်မလာသေးတာ တွေ့ရတယ်။ အိမ်ကွင်းမှာ အေဂျက်စ်အသင်း အရေးနိမ့်ထားပေမဲ့ ပွဲအဖြေကို ပြောင်းလဲနိုင်တဲ့အင်အားတော့ ရှိနေသေးတယ်။ အေဂျက်စ်နဲ့ စွန့်စားချင်တယ်။

ဘီလ်ဘာအို နှင့် ရိုးမား (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)

ရိုးမားအသင်းက ၀ါရင့်နည်းပြ ရာနီရေးရီလက်အောက်မှာ အကောင်းဆုံးအနေအထားကို ရောက်နေတယ်။ ပြိုင်ပွဲစုံ အဝေးကွင်းနောက်ဆုံး(၆)ပွဲမှာလည်း ကိုပါအီတာလီယာမှာ အေစီမီလန်တစ်သင်းတည်းကို အရေးနိမ့်ခဲ့ပြီး (၄)ပွဲအထိ အ နိုင်ကစားထားခဲ့တယ်။ ဒါပေမဲ့ ပထမအကျော့ ရောမမြေမှာတုန်းက ရိုးမားအသင်း နောက်ကလိုက်ကစားခဲ့ရပြီး ပြိုင်ဘက်အသင်း တစ်ယောက်လျော့သွားမှ အနိုင်ဂိုးသွင်းနိုင်ခဲ့တာ သတိပြုရမယ်။ စပိန်မြေက ရိုးမားအသင်းအတွက် စိန်ခေါ်မှု ကြီးမားမှာတော့ သေချာပါတယ်။ ဒါပေမဲ့ ရိုးမား သရေလောက်တော့ ခံကစားနိုင်လောက်တယ်။

စပါး နှင့် အယ်လ်ခမာ (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

ပထမအကျော့ ရုပ်ပျက်ဆင်းပျက် မရှုံးခဲ့တာကိုပဲ ကံကောင်းတယ်ပြောရမလိုအထိ စပါးအသင်း အခြေအနေဆိုးခဲ့တယ်။ စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင်ကလည်း အခုပွဲအတွက် အသင်းလိုက်စွမ်းရည် များစွာပိုကောင်းလာဖို့ လို တယ်လို့လည်း အသင်းဖော်တွေကို တိုက်တွန်းထားတယ်။ အသင်းမှာ ဒဏ်ရာပြဿနာတွေ နည်းနည်းလျော့ပါးလာပြီး အထူးသဖြင့် တိုက်စစ်ပိုင်းမှာ စပါးအသင်း အနည်းငယ်အပြောင်းအလဲလုပ်လာနိုင်စွမ်းရှိနေတယ်။ အယ်လ်ခမာကတော့ လန်ဒန်မြေမှာ ဒုက္ခထပ်မပေးနိုင်လောက်ဘူးထင်တယ်။ စပါးတို့ ဂိုးပြတ်၊ မပြတ်ပဲ ကြည့်ရမှာပါ။

ရိန်းဂျားစ် နှင့် ဖီနာဘာချီ (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

ရိန်းဂျားစ်အသင်းက ယာယီနည်းပြနဲ့ ဖီနာဘာချီကွင်းမှာ မမျှော်လင့်ဘဲ အနိုင်ကစားခဲ့တယ်။ ဖီနာဘာချီအသင်းရဲ့ နာမည်ကျော်နည်းပြ မော်ရင်ဟိုက ပွဲမပြီးသေးဘူးလို့ ကြုံးဝါးထားပေမဲ့ လက်ရှိရလဒ်ပိုင်းအရ ပြန်လာနိုင်ဖို့တော့ အတော်ခက်စေခဲ့တယ်။ ဖီနာဘာချီအသင်းမှာ ကစားသမားကောင်းတွေ အများအပြား ရှိနေပေမဲ့ ဒီရလဒ်အထိ ဖြစ်သွားခဲ့တာကတော့ စိတ်ပျက်စရာကောင်းလွန်းခဲ့တယ်။ စကော့တလန်မြေမှာတော့ ဖီနာဘာချီ အနိုင်နဲ့ သရေပါပဲ။

လိုင်ယွန် နှင့် စတူအာဘူခါရက် (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

လိုင်ယွန်အသင်းက ကွာတားဖိုင်နယ်တက်ရောက်နိုင်ဖို့ သေချာနေတဲ့အနေအထားကို ပိုင်ဆိုင်ထားတယ်။ နောက်ဆုံးကစားထားတဲ့ ပြိုင်ပွဲစုံ(၆)ပွဲမှာလည်း PSG အသင်းကို ကပ်အရေးနိမ့်ခဲ့တာကလွဲလို့ (၅)ပွဲအထိ အနိုင်ကစားထားခဲ့တယ်။ ဒါ့အပြင် ဥရောပပြိုင်ပွဲ ရိုမေးနီးယားကလပ်တွေနဲ့ အစဉ်အလာမှာလည်း ရလဒ်ကောင်းခဲ့ပြီး (၈)ပွဲတွေ့ဆုံခဲ့ရာမှာ (၁)ပွဲသရေ၊ (၁)ပွဲရှုံးကာ ကျန်ပွဲအားလုံး အနိုင်ရခဲ့တယ်။ လိုင်ယွန် ဂိုးပြတ်ထပ်နိုင်ဖို့များတယ်။

မန်ယူ နှင့် ဆိုစီဒက် (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

မန်ယူအသင်းက ပထမအကျော့မှာတော့ အနိုင်ယူနိုင်စွမ်းရှိတဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တယ်။ ဒါပေမဲ့ အိုးလ်ထရက်ဖို့ဒ်မှာ မဖြစ်မနေအနိုင်ကစားရတော့မယ့် ဖိအား၊ ဒီရာသီ နောက်ဆုံးဖလားမျှော်လင့်ချက်ဖြစ်နေတဲ့ ဖိအားတွေက မန်ယူအသင်းအပေါ် သက်ရောက်မှု ရှိနိုင်တယ်။ မန်ယူအသင်းရဲ့ လက်ရှိ Squad Depth ကလည်း အတော်လေးအားနည်းနေတာကို အာဆင်နယ်အသင်းနဲ့ပွဲ အရန်လူစာရင်းကြည့်ရင် သိနိုင်ပါတယ်။ ဆိုစီဒက်ကလည်း ဒီရာသီမှာ အနည်းငယ်ယိုင်နေပြီး လာလီဂါမှာလည်း အမှတ်ပေးဇယားအလယ်နားမှာပဲ ရှိပါတယ်။ မန်ယူပဲ နိုင်ဖို့များတယ်။

မူရင်းသတင်း — Eleven Media Group