
ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့ နောက်မှာတော့ လီဗာပူးလ်အသင်းအတွက် ဒီရာသီမှာ ရယူနိုင်စရာဆုဖလားက နှစ်မျိုးသာ ရှိပါတော့တယ်။ ပရီးမီးယားလိဂ်နဲ့ လိဂ်ဖလားတွေပါ။ ပရီးမီးယားလိဂ်မှာ ဒုတိယနေရာက အနီးဆုံးပြိုင်ဘက်အသင်းကို တစ်ပွဲပိုကစားပြီး (၁၅)မှတ်ဖြတ်ထားသလို၊ လိဂ်ဖလားမှာလည်း ဗိုလ်လုပွဲရောက်ရှိနေပြီဖြစ်လို့ ဒီဆုဖလားနှစ်ခုစလုံးက ရယူနိုင်ဖို့ အနီးစပ်ဆုံးအခြေအနေမှာ ရှိနေပါပြီ။
ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့ နောက်မှာတော့ လီဗာပူးလ်အသင်းအတွက် ဒီရာသီမှာ ရယူနိုင်စရာဆုဖလားက နှစ်မျိုးသာ ရှိပါတော့တယ်။ ပရီးမီးယားလိဂ်နဲ့ လိဂ်ဖလားတွေပါ။ ပရီးမီးယားလိဂ်မှာ ဒုတိယနေရာက အနီးဆုံးပြိုင်ဘက်အသင်းကို တစ်ပွဲပိုကစားပြီး (၁၅)မှတ်ဖြတ်ထားသလို၊ လိဂ်ဖလားမှာလည်း ဗိုလ်လုပွဲရောက်ရှိနေပြီဖြစ်လို့ ဒီဆုဖလားနှစ်ခုစလုံးက ရယူနိုင်ဖို့ အနီးစပ်ဆုံးအခြေအနေမှာ ရှိနေပါပြီ။ ဘယ်အရာက ပိုသေချာသလဲဆိုရင်တော့ ကိုယ်သာ ခြေလှမ်းမှန်မှန်နဲ့ ရှေ့ဆက်နိုင်ခဲ့မယ်ဆိုရင် ပြိုင်ဘက်တွေအကြောင်း ထည့်စဉ်းစားနေစရာမလိုတော့တဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုလို့ ဖြေရမှာပါ။ လိဂ်ဖလားမှာက ဘယ်လိုပဲ အခွင့်အလမ်းပိုသာတယ်ပြောပြော ပြိုင်ဘက်အသင်းနဲ့ ယှဉ်ပြိုင်ကစားပြီး အဆုံးအဖြတ်ခံယူရဦးမှာဖြစ်တာကြောင့် သေချာပြီလို့ သတ်မှတ်ဖို့တော့ မဖြစ်နိုင်သေးပါဘူး။ ဒီတော့ အာနယ်ဆလော့ရဲ့ လီဗာပူးလ်နည်းပြဘ၀ ပွဲဦးထွက်ရာသီ ဖြတ်သန်းမှုမှာ တင်ကျန်ခဲ့မယ့် ဆုဖလားအရေအတွက်က တစ်လုံးလား၊ နှစ်လုံးလား။ဘယ်လောက်ပဲဖြစ်ဖြစ် ကျေနပ်စရာကောင်းတယ် ဆိုပေမဲ့ တစ်လုံးထက် နှစ်လုံးက ပိုကောင်းတယ်ဆို တာကိုတော့ ဘယ်သူမှ ငြင်းနိုင်မှာ မဟုတ်ပါဘူး။ ပြီးတော့ အာနယ်ဆလော့ စွမ်းဆောင်ပြခဲ့တာတွေကလည်း အနည်းဆုံးတော့ ဖလားနှစ်လုံးချန်ပီယံဆိုတဲ့ ဂုဏ်ပုဒ်မျိုးနဲ့မှ လိုက်ဖက်ညီလိမ့်မယ်လို့ ဆိုရမှာပါ။ ဒါပေမဲ့ ကြိုတင်မှန်းဆရခက်တဲ့ ဘောလုံးကမ္ဘာကြီးမှာ ဘာတွေဖြစ်မလဲဆိုတာ အဖြေထွက်မှပဲ သိရှိနိုင်မှာပါ။
ဖလားလေးလုံးမှသည်
လီဗာပူးလ်အသင်းနဲ့ အာနယ်ဆလော့ကို မလိုမုန်းထားသူတချို့ကတော့ ဖလားလေးလုံး မျှော်လင့်ချက် ပဲ့ကြွေခဲ့ရခြင်းအတွက် လှောင်ပြောင်ဝေဖန်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဖလားလေးလုံး မျှော်လင့်ချက်ကို ဖေဖော်ဝါရီလောက်အထိ ရှင်သန်အောင် ထိန်းသိမ်းနိုင်ဖို့ဆိုတာ လွယ်ကူတဲ့အရာ မဟုတ်ပါဘူး။ ပြည်တွင်းဖလားပြိုင်ပွဲ နှစ်ခုရှိတဲ့ အင်္ဂလန်မှာ ထိပ်သီးအသင်း(၄)သင်းလောက်ကတော့ ဖလားလေးလုံးမျှော်လင့်ချက်နဲ့ ရာသီသစ်ကို စတင်ခဲ့ကြတာပါပဲ။ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်၊ FA ဖလားနဲ့ လိဂ်ဖလားဆိုတဲ့ ပြိုင်ပွဲ(၄)ခုမှာ ဆုဖလားရယူနိုင်ဖို့ ပစ်မှတ်ထားရင်း ဖြတ်သန်းခဲ့ကြတာပါ။ ဒါပေမဲ့ ရာသီတစ်ဝက်ကျိုးချိန်လောက် ရောက်လာပြီဆိုရင်တော့ ဖလားလေးလုံးအောင်ပွဲကို ဘယ်အသင်းတွေက ဆက်ပြီးမျှော်လင့်ခွင့်ရှိသလဲဆိုတာ အဖြေပေါ်လာတတ်ပါတယ်။ ပရီးမီးယားလိဂ်မှာ ချန်ပီယံပြေးလမ်းပေါ် ဆက်ရှိ၊ မရှိသိနိုင်သလောက်ဖြစ်လာလို့ပါ။ လက်ရှိချန်ပီယံ မန်စီးတီးအသင်း ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းအပြင်ဘက်ကို စောစောစီးစီးရောက်သွားခဲ့တဲ့ ဒီရာသီမှာတော့ ဖလားလေးလုံးအောင်ပွဲကို လီဗာပူးလ်ကလွဲရင် တခြားအသင်းတွေ သိပ်ပြီးမျှော်လင့်ခွင့်မရခဲ့ဘူးလို့တောင် ဆိုနိုင်ပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ လီဗာပူးလ်ရဲ့ အဓိကပြိုင်ဘက်ဖြစ်ခဲ့တဲ့ အာဆင်နယ်ကလည်း FA ဖလားပြိုင်ပွဲကနေ အစောကြီးထွက်ခဲ့ရပါတယ်။ အခု လိဂ်ဖလားဗိုလ်လုပွဲ ရောက်ခဲ့တဲ့ နယူးကာဆယ်ကလည်း ဥရောပပြိုင်ပွဲ ကစားခွင့်မရခဲ့ပါဘူး။ လီဗာပူးလ်အသင်းကတော့ ပွဲစဉ်(၁၀)ကတည်းက ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးနေရာကို အခိုင်အမာရယူခဲ့ပြီး ဖလားလေးလုံးအောင်ပွဲကို လှလှပပမျှော်လင့်ခွင့်ရခဲ့တာပါ။ ဒါပေမဲ့ မယုံနိုင်စရာကောင်းတဲ့ ရလဒ် တစ်ခုနဲ့အတူ ဖေဖော်ဝါရီလဆန်းပိုင်းမှာပဲ ဖလား လေးလုံးမျှော်လင့်ချက် ပျက်စီးသွားခဲ့ရပါတယ်။ FA ဖလားပြိုင်ပွဲရဲ့ စတုတ္ထအဆင့်မှာ လိဂ်ချန်ပီယံ ရှစ်ကလပ် ပလိုင်းမောက်အသင်းကို ရှုံးနိမ့်ခဲ့တာပါ။ အဲဒီနောက် မတ်လ(၁၁)ရက်မှာတော့ ချန်ပီယံလိဂ်ဆုဖလားမျှော်လင့်ချက်ကို ထပ်ပြီးစွန့်လွှတ်လိုက်ရပါတယ်။ ရှုံးထွက်(၁၆)သင်းအဆင့် ပထမအကျော့ အဝေးကွင်းပွဲစဉ်မှာ PSG အသင်းကို အနိုင်ရခဲ့ပေမဲ့ ဒုတိယအကျော့အိမ်ကွင်းပွဲစဉ်မှာ ရလဒ်တူနဲ့ ပြန်အရှုံးပေးခဲ့ရပြီး ပယ်နယ်တီအဆုံးအဖြတ်မှာ အရေးနိမ့်ခဲ့ရတာပါ။ ဒါကြောင့် ယာဂန်ကလော့ပ်လက်ထက်တုန်းကလိုပဲ အာနယ်ဆလော့လည်း ဖလားလေးလုံးအောင်ပွဲကို ရယူပေးနိုင်ခြင်း မရှိခဲ့ပေမဲ့ နည်းပြသစ်တစ်ဦးအနေနဲ့ ပထမဆုံးရာသီမှာ ဒီလောက်အထိ လုပ်ဆောင်ပြနိုင်ခဲ့တာ ချီးကျူးစရာကောင်းပါတယ်။ သူက လီဗာပူးလ်ကို မကိုင်တွယ်ခင်မှာ ဒတ်ချ်လိဂ်က ကလပ်အသင်းတ ချို့ကိုသာ ကိုင်တွယ်ဖူးတဲ့ လူငယ်နည်းပြတစ်ယောက်ပါ။ ဖီယင်နုအသင်းနဲ့အတူ ဒတ်ချ်လိဂ်ချန်ပီယံဆုနဲ့ ဒတ်ချ်ဖလား ရယူနိုင်ခဲ့တဲ့ မှတ်တမ်းသာ ရှိခဲ့သူပါ။ သူက လီဗာပူးလ်အသင်းရဲ့ ဂန္ထဝင်နည်းပြတစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ ယာဂန်ကလော့ပ်နေရာ အစားဝင်ခဲ့ရခြင်းဖြစ်တာကြောင့် တာဝန်ကြီးပါတယ်။ ဒါ့အပြင် လီဗာပူးလ်အသင်းက နွေရာသီမှာ လုံလောက်တဲ့ ပံ့ပိုးမှုတွေလည်း လုပ် မပေးခဲ့ပါဘူး။ ပြီးခဲ့တဲ့နွေရာသီမှာ အာနယ်ဆလော့အနေနဲ့ ကစားသမားသစ်အဖြစ် ခီယေဆာတစ်ဦးတည်းကိုသာ အားဖြည့်ခွင့်ရခဲ့ပါတယ်။ ဗလင်စီယာအသင်းက ဂျော်ဂျီယာဂိုးသမား မာမာဒက်ရှက် ဗီလီကို ပေါင်(၂၅)သန်းနဲ့ ခေါ်ယူခဲ့ပေမဲ့ လာမယ့်ရာသီမှ ရောက်ရှိလာမှာဖြစ်တာကြောင့် အီတလီ တောင်ပံကစားသမား ခီယေဆာ တစ်ဦးတည်းကိုသာ အားဖြည့်နိုင်ခဲ့တာပါ။ ယာဂန်ကလော့ပ် ချန်ထားခဲ့တဲ့လူစာရင်းက တောင့်တင်းပြီးသားလို့ ဆိုနိုင်ပေမဲ့ နည်းပြသစ်တိုင်းက ကိုယ်လိုချင်တဲ့ ကစားသမားကို ခေါ်ယူပြီး စိတ်တိုင်းကျပြင်ဆင်တည် ဆောက်ချင်ကြတာချည်းပါပဲ။ ဘယ်နည်းပြကမှ အသင်းရဲ့လူစာရင်းကို ပြီးပြည့်စုံနေပြီလို့ ယူဆ ခြင်း မရှိတတ်ကြပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အာနယ် ဆလော့က ရှိနေတဲ့လူအင်အားနဲ့ပဲ အကောင်းဆုံး ဖြစ်အောင် ပုံဖော်နိုင်ခဲ့ပါတယ်။ ကစားသမားတွေဆီက အကောင်းဆုံးအရည်အသွေးကို ထုတ်ယူနိုင်ခဲ့ပါတယ်။ သူ့အတွက် အကူအညီအဖြစ်စေဆုံးအရာကတော့ အီဂျစ်တိုက်စစ်ကစားသမား ဆာလာ အရင်ရာသီတွေထက် ပိုကောင်းတဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ခြင်းပါပဲ။ ဒါကြောင့် အာနယ်ဆလော့က ယာဂန်ကလော့ပ်ထက် ပိုသာလွန်တဲ့ စွမ်းဆောင်ရည်မှတ်တမ်းတွေကိုပါ ရယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ မလိုမုန်းထားသူတွေ ပြောသလိုပဲ ပြန်ပြောရရင်တော့ ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ ဖလားလေးလုံးမျှော်လင့်ချက် ပြိုလဲခဲ့ရပြီး ပရီးမီးယားလိဂ် ဖလား၊ လိဂ်ဖလားတို့နဲ့သာ ကျေနပ်ရတော့မှာပါ။
ပထမဆုံးဆုဖလား
ဖလားနှစ်လုံးအောင်ပွဲနဲ့ အဆုံးသတ်နိုင်ဖို့အတွက် ပထမဆုံးဖလားလုပွဲကို အခုတစ်ပတ် တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ကစားရမှာပါ။ ပြိုင်ဘက်က နယူးကာဆယ်အသင်းဖြစ်ပြီး လောလောဆယ် ထွက်ပေါ်နေတဲ့ အလေးပေးမှုတွေအရတော့ လီဗာပူးလ်အသင်းက (၆း၁၇)လေး ဖြစ်နေပြီး နယူးကာဆယ်အသင်းက (၃း၁)လေးဖြစ်တာကြောင့် အပြတ်အသတ် ကွာဟနေပါတယ်။ ဒါပေမဲ့ သင်္ချာနည်းအရ ပြောမယ်ဆိုရင်တော့ ဗိုလ်လုပွဲတစ်ပွဲမှာ ယှဉ်ပြိုင်မယ့်အသင်းနှစ်သင်းအတွက် အခွင့်အရေးက (၅၀း၅၀) ရှိနေတယ်လို့ ဆိုရမှာပါ။ နယူးကာဆယ်အသင်းက ၂၀၂၂-၂၃ ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိတဲ့အထိ ခြေစွာခဲ့ပေမဲ့ ပြီးခဲ့တဲ့ရာသီမှာ အဆင့်(၇)နေရာသာ ရရှိခဲ့သလို၊ ဒီရာသီမှာလည်း ခြေစွမ်းက သိပ်ပြီးအားရစရာမရှိပါဘူး။ ခြေစွမ်းတည်ငြိမ်မှုမရှိတာက အဓိကအားနည်းချက်ဖြစ်နေတာပါ။ ပြီးခဲ့တဲ့ ဒီဇင်ဘာနဲ့ ဇန်နဝါရီ ပွဲကျပ်ကာလတွေအတွင်း ပြိုင်ပွဲစုံ(၉)ပွဲဆက် အနိုင်ရခဲ့တဲ့ ခြေစွမ်းမျိုးကိုသာ တစ်ရာသီလုံး ပြသနိုင်ခဲ့မယ်ဆိုရင်တော့ ဆုဖလားတွေကို ဒီထက်စိန်ခေါ်နိုင်တဲ့ ကြောက်စရာအသင်းတစ်သင်း ဖြစ်နေမှာပါ။ အဲဒီ တုန်းက ပရီးမီးယားလိဂ်မှာ အက်စတွန်ဗီလာ၊ မန်ယူနဲ့ စပါးတို့ကို ဆက်တိုက်အနိုင်ယူခဲ့သလို၊ လိဂ်ဖလားဆီမီးဖိုင်နယ်မှာလည်း အာဆင်နယ်ကို အနိုင်ယူခဲ့တာပါ။ လူငယ်နည်းပြ အက်ဒီဟောင်း ဦးဆောင်နေတဲ့ နယူးကာဆယ်အသင်းက ဆော်ဒီ စော်ဘွားတွေရဲ့ ပိုင်ဆိုင်မှုအောက်မှာ ရှိနေတာကြောင့် မကြာခင်မှာ ပရီးမီးယားလိဂ်ရဲ့ အင်အား ကြီးအသင်းတစ်သင်း၊ ဥရောပရဲ့ အင်အားကြီးအသင်းတစ်သင်း ဖြစ်လာလိမ့်မယ်လို့ အကဲဖြတ်ခံထားရပါတယ်။ ဒါပေမဲ့ ဆော်ဒီစော်ဘွားတွေက တခြားအသင်းပိုင်ရှင်တွေလို အသင်းကို အင်အားသုံး ပြင်ဆင်တာမျိုးမလုပ်ဘဲ စိတ်ရှည်လက်ရှည်နဲ့ ဖြည်းဖြည်းချင်း ပုံဖော်နေတာကိုသာ မြင်တွေ့ရပါတယ်။ ဒါပေမဲ့ အီဆက်ခ်၊ တိုနာလီ၊ ဂီမာရေ့စ်၊ ဂေါ်ဒွန်တို့နဲ့ အတော်လေးတောင့်တင်းတဲ့ အသင်းတစ်သင်းတော့ ဖြစ်နေခဲ့ပါပြီ။ ဒါကြောင့်လည်း ၂၀၂၂-၂၃ ရာသီမှာ လိဂ်ဖလားဗိုလ်လုပွဲ ရောက်ခဲ့ပြီးတဲ့ နောက်ဒီရာသီမှာ နောက်တစ်ကြိမ် ဗိုလ်လုပွဲ ရောက်လာခဲ့တာပါ။ ဒီအခြေအနေက နယူးကာဆယ်အသင်းအနေနဲ့ ဆုဖလားတွေကို စိန်ခေါ်နိုင် စွမ်း ပိုရှိလာကြောင်း၊ မျှော်လင့်နိုင်စွမ်း ပိုရှိလာ ကြောင်း သက်သေပြချက်တွေလို့ ဆိုနိုင်ပါတယ်။ အက်ဒီဟောင်းကလည်း ဝေးကွာနေတာကြာပြီဖြစ် တဲ့ ဆုဖလားအောင်ပွဲကို ပရိသတ်တွေဆီ ယူဆောင်ပေးနိုင်ဖို့ ဆန္ဒပြင်းပြနေပါတယ်။ ဒါကြောင့် လာမယ့် လိဂ်ဖလားဗိုလ်လုပွဲမှာ လီဗာပူးလ်က အ ပြတ်အသတ်အလေးသာနေတဲ့ အသင်းဆိုပေမဲ့ နယူးကာဆယ်ရဲ့ တုံ့ပြန်နိုင်စွမ်းကိုလည်း မေ့ထားလို့ မရပါဘူး။ ချန်ပီယံလိဂ်က ထွက်ခဲ့ရတဲ့ လီဗာပူးလ်အသင်း လိဂ်ဖလားဗိုလ်လုပွဲမှာ ပေါက်ကွဲပြဖို့ အလားအလာများနေသလိုပဲ နယူးကာဆယ်အသင်းရဲ့ ဆုဖလားဆာလောင်စိတ်ကလည်း ပြင်းထန်နေမှာ သေချာပါတယ်။ သေချာတာကတော့ လက်ရှိ အချိန်အထိ အက်ဒီဟောင်းက နယူးကာဆယ်အသင်းအတွက် ဆုဖလားအောင်ပွဲ ရယူပေးနိုင်ခြင်း မရှိသေးသလို၊ အာနယ်ဆလော့ကလည်း လီဗာပူးလ်အသင်းအတွက် ဘာဆုဖလားမှ ရယူပေးနိုင်ခြင်းမရှိသေးတာပါပဲ။ ဒါကြောင့် ပထမဆုံးဆုဖလား ရယူနိုင်ဖို့ နှစ်ဦးစလုံး ဝင်ဘလေကွင်းမှာ ပညာကုန်သုံးပြီး ယှဉ်ပြိုင်သွားကြမှာ သေချာပါတယ်။ ဒီရာသီ ဖြတ်သန်းမှုအရဆိုရင် အာနယ်ဆလော့နဲ့ လီဗာပူးလ်အသင်းက အနည်းဆုံး ဖလားနှစ်လုံး အောင်ပွဲလောက် ရထိုက်တယ်ဆိုပေမဲ့ အက်ဒီဟောင်းနဲ့ နယူးကာဆယ်ကလည်း လိဂ်ဖလားဗိုလ်လုပွဲရောက်ဖို့ လန်ဒန်ထိပ်သီး ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့ကို ကျော်ဖြတ်ခဲ့ရတာပါ။ ဒါကြောင့် ဘယ်သူက ပိုပြီးထိုက်တန်သလဲဆိုတာ ထိပ်တိုက် ရင်ဆိုင်မှတ်ကျောက်တင်ပြီးတော့သာ အဖြေရှာရတော့မှာပါ။ အာနယ်ဆလော့အတွက် ဒီရာသီမှာ တင်ကျန်ခဲ့မယ့် ဖလားအရေအတွက်က တစ်လုံးလား၊ နှစ်လုံးလား ဆိုတာကိုတော့ . . ။