Eleven Media Group

ကွင်းသစ်တည်ဆောက်မှုကြောင့် အသင်းအတွက် ရင်းနှီးမြှုပ်နှံမှု လျော့ကျနိုင်ကြောင်း မန်ယူအမှုဆောင်ချုပ် ဝန်ခံ

Photo: UF

မန်ယူအသင်း၏အမှုဆောင်ချုပ်ဖြစ်သူ အိုမာဘရာဒါက ကွင်းသစ်တည်ဆောက်မှုကြောင့် အသင်းအတွက် ရင်းနှီးမြှုပ်နှံမှုလျော့ကျသွားနိုင်ကြောင်း ဝန်ခံပြောကြားခဲ့သည်။
မန်ယူအသင်းသည် မတ်လ (၁၁) ရက်(အင်္ဂါနေ့)က ပရိသတ် (၁၀၀၀၀၀) ဝင်ဆံ့သည့် ပေါင် (၂) ဘီလီယံတန် ကွင်းသစ်ကို တည်ဆောက်သွားမည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။
မန်ယူအသင်းအနေဖြင့် ကွင်းသစ်ကို ၂၀၃၀ ပြည့်နှစ်တွင် ဖွင့်လှစ်နိုင်ရန် ရည်မှန်းနေပြီး ကွင်းသစ်အတွက် ငွေကြေးများစွာ အသုံးပြုရမည်ဖြစ်သောကြောင့် ယင်းကာလအတွင်း အသင်းအတွက် ရင်းနှီးမြှုပ်နှံမှုကျဆင်းသွားနိုင်ကြောင်း အသင်းအမှုဆောင်ချုပ် ဘရာဒါက ဝန်ခံခဲ့ခြင်းဖြစ်သည်။
ဘရာဒါက ''ကွင်းသစ်တည်ဆောက်မှုကြောင့် အသင်းအပေါ် ရင်းနှီးမြှုပ်မှုတွေ ကျဆင်းသွားနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ အဲဒီအချက်က ကျွန်တော်တို့ ရှောင်ချင်တဲ့အချက် ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အသင်းအပေါ် ရင်းနှီးမြှုပ်နှံမှုတွေကို ပုံမှန်အတိုင်း ဆက်လုပ်သွားချင်ပြီး ကွင်းသစ်တည်ဆောက်နေချိန်မှာ အသင်းကို ချန်ပီယံဆုဖလားတွေ စိန်ခေါ်နိုင်တဲ့အသင်းအဖြစ် မြင်တွေ့ချင်ပါတယ်။ အသင်းအောင်မြင်တာကို မြင်ချင်လို့လည်း ကွင်းသစ်ကို (၅) နှစ်အတွင်း အပြီးတည်ဆောက်ဖို့ ကျွန်တော် စီစဉ်ခဲ့တာပါ။ ကွင်းသစ်သာ ပြီးသွားမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ဝင်ငွေပိုရပြီး အသင်းအတွက် ရင်းနှီးမြှုပ်နှံမှုတွေလည်း ပိုလုပ်လာနိုင်မှာပါ''ဟု ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group