
အက်သလက်တီကိုအသင်းနည်းပြ ဆီမြွန်နီသည် မက်ဒရစ်ဒါဘီ ချန်ပီယံလိဂ်ပွဲစဉ်တွင် အယ်လ်ဗာရက်ဇ်၏ ပယ်နယ်တီကန်သွင်းမှု ဂိုးဝင်သွားသော်လည်း ပယ်ဖျက်ခံရသည့် ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်ခဲ့ကြောင်း သိရသည်။
မတ် ၁၂ ရက်က ယှဉ်ပြိုင်ကစားသည့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့အပြီးတွင် အက်သလက်တီကိုနှင့် ရီးယဲလ်အသင်း နှစ်ကျော့ပေါင်းရလဒ် (၂-၂) ဂိုးဖြစ်နေသဖြင့် အချိန်ပို၊ ပယ်နယ်တီအထိ ဆက်လက်ယှဉ်ပြိုင်ခဲ့ရသည်။
ပယ်နယ်တီကန်ရာတွင် အက်သလက်တီကိုအတွက် ဒုတိယမြောက်ကန်သွင်းသူ အယ်လ်ဗာရက်ဇ်၏ သွင်းယူမှုမှာ ဂိုးဝင်သွားခဲ့သည်။
သို့သော် ညာခြေဖြင့် ကန်သွင်းမှုမလုပ်မီ ဘယ်ဖြေဖြင့် ဘောလုံးကိုထိသွားကြောင်း VAR ဒိုင်အဖွဲ့က အကြောင်းကြားလာသဖြင့် ကွင်းလယ်ဒိုင်က ပယ်ဖျက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါပယ်နယ်တီ ပယ်ဖျက်ခံရခြင်းအပေါ် ဆီမြွန်နီက ''ယူလီယန်က ပယ်နယ်တီ အမှတ်ကိုရောက်တဲ့အချိန်မှာ ရပ်နေတဲ့ခြေထောက်နဲ့ ဘောလုံးကိုထိသွားတယ်လို့ ဒိုင်က ပြောပါတယ်။ ဒါပေမဲ့ ဘောလုံးက မရွေ့ပါဘူး။ ပယ်နယ်တီကို VAR ဆုံးဖြတ်တာမျိုး ကျွန်တော်မတွေ့ဖူးပါဘူး။ ဒါပေမဲ့ သူထိသွားတာကို သူတို့မြင်ခဲ့ကြတယ်။ သူတို့ အဲဒါကို မြင်တယ်ဆိုတာ ကျွန်တော်ယုံကြည်ချင်တယ်။ ခင်ဗျားတို့ရော သူဘောလုံးကို နှစ်ကြိမ်ထိသွားတာ မြင်လိုက်ကြလား။ ဒီကွင်းထဲမှာ သူ ဘောလုံးကို နှစ်ကြိမ်ထိမိပြီး ဘောလုံးရွေ့သွားတာ မြင်တဲ့သူရှိရင် ရှေ့ထွက်လာပြီး လက်ထောင်လိုက်ပါ။ လက်ထောင်တဲ့သူ ကျွန်တော်မတွေ့ပါဘူး'' ဟု ပြောကြားသည်။