Eleven Media Group

ဘရာဇီးဂန္ထဝင် ရော်နယ်လ်ဒို CBF ဥက္ကဋ္ဌရွေးကောက်ပွဲမှ နုတ်ထွက်ကြောင်း ကြေညာ

Photo: AP

ဘရာဇီးဂန္ထဝင်ဘောလုံးသမား ရော်နယ်လ်ဒိုက ဘရာဇီးဘောလုံးအဖွဲ့ချုပ် (CBF) ဥက္ကဋ္ဌရွေးကောက်ပွဲမှ နုတ်ထွက်မည်ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့သည်။
ရော်နယ်လ်ဒို (၄၈ နှစ်) သည် လာမည့်နှစ် ရွေးကောက်ပွဲတွင် CBF ဥက္ကဋ္ဌ အက်ဒ်နယ်လ်ဒိုရိုဒရီဂွက်စ်ကို ယှဉ်ပြိုင်ရွေးချယ်ခံရန် စီစဉ်ထားပြီး ကျဆင်းနေသည့် ဘရာဇီးလက်ရွေးစင်အသင်း၏ ဂုဏ်သိက္ခာကို ပြန်လည်မြှင့်တင်ပေးမည်ဖြစ်ကြောင်း ကတိပြုထားသည်။
သို့သော် ဒေသဆိုင်ရာ ဘောလုံးအဖွဲ့ချုပ်အများစုက လက်ရှိဥက္ကဋ္ဌကိုသာ လိုလားနေသဖြင့် ရွေးကောက်ပွဲမှ နုတ်ထွက်ရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
''ဒေသဆိုင်ရာ ဘောလုံးအဖွဲ့ချုပ် ၂၇ ခုနဲ့ ပထမဆုံးအကြိမ် ထိတွေ့မှုမှာ ၂၃ ခုက တံခါးပိတ်ထားတာကို တွေ့ခဲ့ရပါတယ်။ အဖွဲ့ချုပ်တွေက လက်ရှိအုပ်ချုပ်မှုဆိုင်ရာပုံစံကို ကျေနပ်နေပြီး သူ (ရိုဒရီဂွက်စ်) ပြန်လည်ရွေးကောက်ခံရဖို့ အားပေးနေတာကြောင့် ကျွန်တော့်ကို သူတို့အိမ်မှာ လက်ခံဖို့ ငြင်းဆန်ခဲ့ကြပါတယ်'' ဟု ရော်နယ်လ်ဒိုက ဆိုသည်။

မူရင်းသတင်း — Eleven Media Group