Eleven Media Group

ပေါ်တူဂီဘောလုံးသမား စီရော်နယ်လ်ဒိုနှင့် စပိန်တင်းနစ်သမား နဒါးလ် ပူးတွဲပိုင်ဆိုင်သည့် စားသောက်ဆိုင် ရုတ်တရက်ပိတ်သိမ်း

Photo: Expansion

ပေါ်တူဂီနာမည်ကျော်ဘောလုံးသမား စီရော်နယ်လ်ဒိုနှင့် စပိန်တင်းနစ်အကျော်အမော် နဒါးလ်တို့ ပူးတွဲပိုင်ဆိုင်သော မက်ဒရစ်မြို့ရှိ အီတလီစားသောက်ဆိုင် Toto ကို ရုတ်တရက်ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
စီရော်နယ်လ်ဒိုနှင့် နဒါးလ်သည် ယင်းစားသောက်ဆိုင်၏ ရှယ်ယာအများစုကို ပိုင်ဆိုင်ထားပြီး ဆိုင်ဖွင့်အပြီး သုံးနှစ်အကြာတွင် ပိတ်သိမ်းခဲ့ခြင်းဖြစ်သည်။
Toto သည် နဒါးလ် ပူးတွဲတည်ထောင်ထားသည့် Tatel Group ၏ စီမံခန့်ခွဲမှုအောက်တွင် ရှိခဲ့ပြီး စီရော်နယ်လ်ဒိုက ၂၀၁၈ ခုနှစ်တွင် ရင်းနှီးမြှုပ်နှံခဲ့ကာ ၂၀၂၂ ခုနှစ်တွင် Toto စားသောက်ဆိုင်ကို စတင်ဖွင့်လှစ်ခဲ့သည်။
အဘူဒါဘီ နှင့် ဒိုဟာမြို့တွင် ဖွင့်လှစ်ထားသည့် Toto စားသောက်ဆိုင် ဆိုင်ခွဲများကိုမူ ဆက်လက်ဖွင့်ထားဆဲဖြစ်ကြောင်း သိရသည်။
Tatel စားသောက်ဆိုင်များမှာမူ စပိန်နှင့် ဆော်ဒီအာရေဗျမြို့အချို့တွင် ရှိနေပြီး မက်ဒရစ်၊ အီဘီဇာ၊ ရီယာ့ဒ်၊ ဗလင်စီယာ နှင့် မာဘယ်ယာမြို့များတွင် ဖွင့်လှစ်ထားခြင်းဖြစ်သည်။
အယ်လ်နာဆာအသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုသည် အီရန်ကလပ် အယ်စတယ်လာအသင်းအား (၃-၀)ဂိုးဖြင့် အနိုင်ရသည့် အာရှချန်ပီယံလိဂ် (၁၆)သင်းအဆင့် ဒုတိယအကျော့တွင် ပယ်နယ်တီတစ်ဂိုး သွင်းယူပြီးနောက် အသက် (၃၀)ပြည့်ပြီးချိန် သွင်းဂိုးပေါင်းမှာ အသက်(၃၀) မပြည့်မီ သွင်းဂိုးအရေအတွက်ကို ကျော်လွန်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့်ဖေဖော်ဝါရီလကမှ အသက်(၄၀)နှစ်ပြည့်ထားသည့် စီရော်နယ်လ်ဒိုအနေဖြင့် အသက်(၃၀)နှစ်ပြည့်ပြီးနောက် ဆယ်စုနှစ်တစ်ခုတာကာလအတွင်း (၄၆၄)ဂိုးအထိ ရှိလာခဲ့ပြီး ၎င်းအနေဖြင့် အသက်(၃၀)မပြည့်မီ သွင်းဂိုးအရေအတွက်ကို တစ်ဂိုးအသာဖြင့် ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။
စီရော်နယ်လ်ဒိုက ယင်းမှတ်တမ်းနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ ပြောကြားခြင်း မရှိသော်လည်း သူ၏လူမှုကွန်ရက်တွင် ယင်းပွဲမှ အောင်ပွဲခံပုံများနှင့်အတူ ''ကွာတားဖိုင်နယ်၊ မိမိတို့ ရောက်လာခဲ့ပြီ''ဟု ရေးသားကာ တင်ရှိခဲ့သည်။
စီရော်နယ်လ်ဒိုသည် ကစားသမားဘဝ သွင်းဂိုးပေါင်း (၉၂၇)ဂိုးအထိ ရှိလာခဲ့ပြီး ဂိုး(၁၀၀၀) ပြည့်မြောက်သည့် ပထမဆုံးဘောလုံးသမားမှတ်တိုင်သစ် စိုက်ထူနိုင်ရန် အားထုတ်ကြိုးပမ်းလျက် ရှိသည်။
စီရော်နယ်လ်ဒိုသည် ယခုရာသီ အာရှချန်ပီယံလိဂ်ပြိုင်ပွဲတွင် (၇)ဂိုး သွင်းယူခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group