Eleven Media Group

ချန်ပီယံလိဂ်ဖလားရရှိရန် အလားအလာအကောင်းဆုံးအဖြစ် ဘာစီလိုနာအသင်း သတ်မှတ်ခံရပြီး ဒုတိယနေရာတွင် PSG၊ တတိယနေရာတွင် အာဆင်နယ်တို့ ရပ်တည်

Photo: Opta

ချန်ပီယံလိဂ်ပြိုင်ပွဲ၏ ရှုံးထွက်(၁၆)သင်းအဆင့်ပွဲစဉ်များ ပြီးဆုံးခဲ့ပြီးနောက် ချန်ပီယံလိဂ်ဖလားရရှိရန် အလားအလာအကောင်းဆုံးအဖြစ် ဘာစီလိုနာအသင်း သတ်မှတ်ခံရပြီး ဒုတိယနေရာတွင် PSG၊ တတိယနေရာတွင် အာဆင်နယ်တို့ ရပ်တည်ခဲ့ကြောင်း သိရသည်။
ဘာစီလိုနာအသင်းသည် ချန်ပီယံလိဂ်ရှုံးထွက်အဆင့်များတွင် ပွဲအချောင်ဆုံးအဖြစ် သတ်မှတ်ခံခဲ့ရပြီး (၁၆)သင်းအဆင့်၌ ဘင်ဖီကာနှင့် ဆုံတွေ့ခဲ့သလို၊ ကွာတားဖိုင်နယ်အဆင့်တွင်လည်း ဒေါ့မွန်နှင့် ဆုံတွေ့ခဲ့သည်။
ထို့ကြောင့် Opta ၏ စူပါကွန်ပျူတာက ချန်ပီယံဆုရရှိရန် အလားအလာအကောင်းဆုံးအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သလို၊ လောင်းကစားကုမ္ပဏီများကလည်း ချန်ပီယံဆုရရှိရန် ရေပန်းအစားဆုံးအဖြစ် (ရး၂)လေးဖြင့် သတ်မှတ်ပေးထားကြောင်း သိရသည်။
ဘာစီလိုနာအသင်းသည် ကွာတားဖိုင်နယ်တွင် ဒေါ့မွန်အသင်းကို ကျော်ဖြတ်နိုင်ခဲ့ပါက ဆီမီးဖိုင်နယ်တွင် ဘိုင်ယန်မြူးနစ်-အင်တာမီလန်ပွဲမှ အနိုင်ရရှိသည့်အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
Opa က ဘာစီလိုနာအသင်းအနေဖြင့် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်သို့ရောက်ရှိရန် အလားအလာ (၈၀%)ရှိနေပြီး ဗိုလ်လုပွဲသို့ ရောက်ရှိရန် အလားအလာ(၄၁.၅%)ရှိကြောင်း၊ ချန်ပီယံဆုရရှိရန် အလားအလာ(၂၀.၄%)ရှိကြောင်း ခန့်မှန်းထားသည်။
PSG အသင်းသည် ဆီမီးဖိုင်နယ်သို့ ရောက်ရှိရန် အလားအလာ (၇၂.၂%)၊ ဗိုလ်လုပွဲသို့ရောက်ရှိရန် အလားအလာ (၃၆%)၊ ချန်ပီယံဆုရရှိရန် အလားအလာ (၁၉.၃%) ရှိနေသည်။
PSG အသင်းသည် ချန်ပီယံလိဂ်ဖလားရရှိရန် အလားအလာအကောင်းဆုံးအသင်းတစ်သင်းဖြစ်သည့် လီဗာပူးလ်အသင်းကို ကျော်ဖြတ်နိုင်ခဲ့သည့်အတွက် ချန်ပီယံဆုရရှိရန် ဒုတိယအလားအလာအကောင်းဆုံးအသင်းအဖြစ် သတ်မှတ်ခံလာရခြင်းဖြစ်သည်။
လောင်းကစားကုမ္ပဏီများ၏ အလေးပေးမှုတွင်လည်း PSG အသင်းသည် ချန်ပီယံဆုရရှိရန် ဒုတိယရေပန်းအစားဆုံးအသင်း ဖြစ်လာခဲ့သည်။
ထို့ပြင် ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက် အလေးပေးမှုတွင်လည်း PSG - ဘာစီလိုနာ အတွဲအဖက်မှာ (၉း၂)လေးဖြင့် ရေပန်းအစားဆုံးဖြစ်လာကြောင်း သိရသည်။
ဒုတိယရေပန်းအစားဆုံး အတွဲအဖက်မှာ ရီးယဲလ်မက်ဒရစ် - ဘာစီလိုနာဖြစ်ပြီး တတိယရေပန်းအစားဆုံးအတွဲအဖက်မှာ PSG - ဘိုင်ယန်မြူးနစ်ဖြစ်သည်။
အာဆင်နယ်အသင်းသည် Opta ၏ ခန့်မှန်းမှုတွင် ဆီမီးဖို်င်နယ်သို့ ရောက်ရှိရန် အလားအလာ(၅၂.၈%)၊ ဗိုလ်လုပွဲသို့ရောက်ရှိရန် အလားအလာ (၃၀.၃%)၊ ချန်ပီယံဆုရရှိရန် အလားအလာ(၁၆.၈%) ရရှိထားသော်လည်း လောင်းကစားကုမ္ပဏီများ၏ အလေးပေးမှုတွင်မူ ဗိုလ်စွဲရန် ရေပန်းစားမှု၌ ရီးယဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်တို့၏နောက် ပဥ္စမနေရာတွင်သာ ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။
Opta ၏ ခန့်မှန်းမှုတွင် အင်တာမီလန်က ချန်ပီယံလိဂ်ဖလားရရှိရန် စတုတ္ထအလားအလာအကောင်းဆုံးဖြစ်ပြီး ၎င်း၏နောက်တွင် ရီးယဲလ်၊ ဘိုင်ယန်မြူးနစ်၊ အက်စတွန်ဗီလာနှင့် ဒေါ့မွန်တို့ အစဉ်လိုက်ရပ်တည်လျက်ရှိသည်။

မူရင်းသတင်း — Eleven Media Group