
အာဆင်နယ်အသင်း၏နည်းပြ အာတီတာက ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်သို့ နှစ်ရာသီဆက် တက်ရောက်နိုင်ခြင်းအတွက် အလွန်ပျော်ရွှင်ကြောင်းနှင့် ရီးယဲလ်မက်ဒရစ်အသင်းကို အနိုင်ယူနိုင်စွမ်းရှိကြောင်း ပြောကြားခဲ့သည်။
အာဆင်နယ်အသင်းသည် (၁၆)သင်းအဆင့်တွင် PSV အသင်းကို နှစ်ကျော့ပေါင်းရလဒ် (၉-၃)ဂိုးဖြင့် အနိုင်ယူကာ ချန်ပီယံလိဂ်ကွာတားဖိုုင်နယ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲ၏ အအောင်မြင်ဆုံးဖြစ်သော လက်ရှိချန်ပီယံ ရီးယဲလ်အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
အာတီတာသည် အာဆင်နယ်အသင်းကို ပြီးခဲ့သည့်ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့် ပြန်လည်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့်အပြင် ကွာတားဖိုင်နယ်အဆင့်သို့ ပို့ဆောင်ပေးနိုင်ခဲ့သည်။
အာဆင်နယ်အသင်းသည် ကွာတားဖိုင်နယ်တွင် ဘိုင်ယန်မြူးနစ်အသင်းကို ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခဲ့ရခြင်းဖြစ်သည်။
ယခုအခါ ကွာတားဖိုင်နယ်သို့ ထပ်မံတက်ရောက်နိုင်ခဲ့ပြီးနောက် အာတီတာက ''ကွာတားဖိုင်နယ်ကို နှစ်ရာသီဆက် တက်ရောက်နိုင်ခဲ့တဲ့အတွက် ကျွန်တော်တို့ အရမ်းပျော်ပါတယ်။ ဒါဟာ အရမ်းခက်ခဲတဲ့ အရာတစ်ခုပါ။ ပြီးခဲ့တဲ့ (၁၅)နှစ်အတွင်းမှာ ဒီလိုမျိုးလုပ်ဆောင်နိုင်တာ ပထမဆုံးအကြိမ် ဖြစ်တာကြောင့် ဒါဟာ ဘယ်လောက်ခက်ခဲလဲဆိုတာ သိနိုင်ပါတယ်။ ဒီအတွက် ကျွန်တော့်ရဲ့ ကစားသမားတွေကို အသိအမှတ်ပြုပါတယ်။ ကျွန်တော်တို့ နောက်ထပ်အများကြီး ထပ်ရချင်ပါတယ်။ ကျွန်တော်တို့မှာ လုပ်ဆောင်နိုင်တဲ့ အရည်အသွေးရှိတယ်လို့လည်း ယုံကြည်ပါတယ်''ဟု ပြောကြားခဲ့သည်။
အာတီတာက ချန်ပီယံလိဂ်ကွာတားဖိုင်နယ်တွင် ရီးယဲလ်အသင်းနှင့် ဆုံတွေ့နေခြင်းကိုလည်း ''ကျွန်တော်တို့ ရီးယဲလ်အသင်းကို အနိုင်ယူနိုင်စွမ်းရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အကောင်းဆုံးပုံစံကို ပြသနိုင်ဖို့ လိုအပ်ပါတယ်။ နှစ်ကျော့စလုံးရဲ့ မိနစ်တိုင်းမှာ အကောင်းဆုံးဖြစ်နေရမှာပါ။ သူတို့ကို အခွင့်အရေး နည်းနည်းမှ ပေးလို့မဖြစ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့က ရတဲ့အခွင့်အရေးကို ယူသွားနိုင်စွမ်းရှိတဲ့အသင်း ဖြစ်တာကြောင့်ပါ''ဟု ပြောကြားခဲ့သည်။