Eleven Media Group

ပယ်နယ်တီစည်းမျဉ်းကို အပြောင်းအလဲလုပ်ရန် UEFA စီစဉ်နေ

Photo: Getty Images

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) သည် ပယ်နယ်တီစည်းမျဉ်းကို အပြောင်းအလဲပြုလုပ်ရန် စီစဉ်နေကြောင်း သိရသည်။
ယခုတစ်ပတ် ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ရီးယဲလ်နှင့် အက်သလက်တီကိုတို့ ယှဉ်ပြိုင်ကစားသည့်ပွဲ၌ အက်သလက်တီကိုတိုက်စစ်မှူး အယ်လ်ဗာရက်ဇ်၏ ပယ်နယ်တီကန်ချက်ကို Double Touch နှစ်ကြိမ်ထိသည်ဟု သတ်မှတ်ကာ ပယ်ဖျက်ခဲ့သည့်အတွက် UEFA က စည်းမျဉ်းအပြောင်းအလဲပြုလုပ်ရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
အယ်လ်ဗာရက်ဇ်၏ ပယ်နယ်တီဂိုး ပယ်ဖျက်ခံရခြင်းအတွက် ဝေဖန်မှုများစွာ ရှိခဲ့သလို၊ အက်သလက်တီကိုအသင်းကလည်း ပြန်လည်သုံးသပ်ပေးရန် UEFA ထံ တောင်းဆိုခဲ့ကြောင်း သိရသည်။
ယင်းအတွက် UEFA က ကြေညာချက်ထုတ်ပြန်ရာတွင် ''အဆိုပါ ပယ်နယ်တီသွင်းဂိုးကို ပယ်ဖျက်ခဲ့ခြင်းမှာ ဘောလုံးဥပဒေစည်းမျဉ်းအရဖြစ်ကြောင်း၊ မတော်တဆ နှစ်ကြိမ်ထိခြင်းအတွက် ပယ်နယ်တီစည်းမျဉ်းကို အပြောင်းအလဲပြုလုပ်သင့်ကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)၊ နိုင်ငံတကာဘောလုံးဘုတ်အဖွဲ့(IFAB) တို့နှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း'' ဖော်ပြခဲ့သည်။
အက်သလက်တီကိုအသင်းသည် ရီးယဲလ်မက်ဒရစ်အသင်းနှင့် ပယ်နယ်တီအဆုံးအဖြတ်ခံယူရသည့် ပြိုင်ပွဲစုံ(၆)ပွဲစလုံး ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group