
မန်ယူအသင်း၏ တိုက်စစ်မှူးဟောင်း ၀ိန်းရွန်နီက လက်ရှိအသင်းအနေဖြင့် ကြီးမားသည့်အပြောင်းအလဲပြုလုပ်ရန် လိုအပ်သည်ဟု သုံးသပ်ပြောကြားခဲ့သည်။
မန်ယူအသင်း၏ ပူးတွဲပိုင်ရှင်သစ်ဖြစ်သူ ဆာဂျင်မ်ရက်ကလစ်ဖ်က လာမည့်နွေရာသီတွင် မန်ယူအသင်း၏လူစာရင်းကို မြေလှန်ပြောင်းလဲဖွယ်ရှိကြောင်း သတင်းထွက်လာသည့်အတွက် ရွန်နီက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။
ရွန်နီက ''ကျွန်တော့်အထင်တော့ မန်ယူအသင်းကနေ ကစားသမား (၁၀)ယောက်၊ (၁၅)ယောက်လောက် ထွက်ခွာသွားဖို့ လိုအပ်နေပါတယ်။ သူတို့ အပြောင်းအလဲကြီးကြီးမားမား ပြုလုပ်ဖို့ လိုအပ်နေပါတယ်။ ကျွန်တော်ကတော့ ဘရူနိုနဲ့ မိန်နူးကိုပဲ ဆက်ထိန်းထားချင်ပါတယ်''ဟု ပြောကြားခဲ့သည်။
မန်ယူအသင်းသည် ယခုရာသီတွင် အငှားချထားသော အန်တိုနီ၊ ဆန်ချိုနှင့် ရပ်ရှ်ဖို့ဒ်တို့အပြင် ကက်စီမီရို၊ အဲရစ်ဆင်၊ အီဗန်စ်၊ ဟီတန်၊ လင်ဒီလော့ဖ်၊ ဟွိုင်လန်း၊ မေဆန်မောင့်တို့နှင့်လည်း လမ်းခွဲဖွယ်ရှိကြောင်း သိရသည်။
ထို့ပြင် ဆာဂျင်ရက်ကလစ်ဖ်သည် ကစားသမားသစ်ခေါ်ယူမှုများတွင်လည်း တန်ကြေးထက်ပိုမပေးရစေရန်အတွက် ကြပ်ကြပ်မတ်မတ်လုပ်ဆောင်သွားဖွယ်ရှိကြောင်း သတင်းထွက်နေသည်။