
ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းသည် လီဗာပူးလ်အသင်းမှ နယ်သာလန်နောက်ခံလူ ဗန်ဒိုက်ကို တစ်နှစ်လစာ ယူရိုသန်း(၂၀)ဖြင့် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။
ဗန်ဒိုက်(၃၃ နှစ်)သည် ယခုရာသီကုန်တွင် လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ပြီး သက်တမ်းတိုးရန် ဆွေးနွေးမှုမှာ အဆင်မပြေဖြစ်နေကြောင်း သိရသည်။
ထို့ကြောင့် ဗန်ဒိုက်ကိုယ်တိုင်က မိမိအနေဖြင့် လက်ရှိတွင် နောက်ရာသီ၌ မည်သည့်အသင်းတွင် ရှိနေမည်ကို မသိရှိသေးကြောင်း PSG အသင်းကို ရှုံးနိမ့်သည့် ချန်ပီယံလိဂ်ပွဲအပြီးတွင် ဝန်ခံပြောကြားခဲ့သည်။
ယခုအခါ ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းက ဗန်ဒိုက်အား ခေါ်ယူရန် မြင့်မားသည့် လစာငွေတစ်ရပ်ဖြင့် ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဗန်ဒိုက်သည် လက်ရှိအချိန်၌ လီဗာပူးလ်အသင်းတွင် တစ်နှစ်လစာ ယူရို(၁၃)သန်းဝန်းကျင် ရရှိနေကြောင်း သိရသည်။
ဗန်ဒိုက်အား ခေါ်ယူရန် အယ်လ်ဟီလာအသင်းသာမက ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့်တွင် လီဗာပူးလ်အသင်းကို အနိုင်ယူခဲ့သည့် PSG ကလည်း စိတ်ဝင်စားနေကြောင်း သိရသည်။