
အာဆင်နယ်အသင်းသည် ဝုလ်ဗ်အသင်းမှ ဘရာဇီးလ်တိုက်စစ်ကစားသမား ကူညာကို လာမည့်နွေရာသီတွင် ခေါ် ယူရန် ဦးစားပေးပစ်မှတ်အဖြစ် သတ်မှတ်ဖွယ်ရှိကြောင်း ဗြိတိန်မီဒီယာအချို့က ဖော်ပြခဲ့သည်။
အာဆင်နယ်အသင်းသည် အက်သလက်တီကိုအသင်း၏ အားကစားဒါရိုက်တာဟောင်း အန်ဒရီယာဘာတာကို အားကစားဒါရိုက်တာအဖြစ် ခန့်အပ်တော့မည်ဖြစ်၍ ဝုလ်ဗ်တိုက်စစ်မှူး ကူညာကို အဓိက ပစ်မှတ်ထားခေါ်ယူဖွယ်ရှိကြောင်း သတင်းထွက်လာခြင်းဖြစ်သည်။
အန်ဒရီယာဘာတာသည် အက်သလက်တီကိုအသင်းတွင် အားကစားဒါရိုက်တာအဖြစ် ဆောင်ရွက်စဉ်က ကူညာကို ယူရိုသန်း(၃၀)ဖြင့် ခေါ်ယူခဲ့သူဖြစ်သည်။
အသက် (၂၅) နှစ်အရွယ်ရှိ ကူညာသည် ယခုရာသီတွင် ဝုလ်ဗ်အသင်းအတွက် ခြေစွမ်းပြနေပြီး ပရီးမီးယားလိဂ် (၂၆) ပွဲတွင် (၁၃) ဂိုးသွင်းယူထားသည်။
ကူညာသည် ဝုလ်ဗ်အသင်းနှင့် ၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပြီး ၎င်း၏လက်ရှိ စျေးကွက်ပေါက်ကြေးမှာ ယူရိုသန်း (၅၀) ကျော် ရှိနေကြောင်း သိရသည်။
ကူညာအား ခေါ်ယူရန် အာဆင်နယ်အပြင် တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းလိုနေသည့် မန်ယူအသင်းကလည်း စိတ်ဝင်စားနေကြောင်း သိရသည်။