
ဘိုင်ယန်မြူးနစ်ကွင်းလယ်ကစားသမား ကင်မစ်ချ်က အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုပြီးနောက် ၎င်းအတွက် ဘိုင်ယန်မြူးနစ်အသင်းထက် ပိုကောင်းသည့်နေရာ မရှိကြောင်း ပြောကြားခဲ့သည်။
ဘိုင်ယန်မြူးနစ်အသင်းသည် အပြောင်းအရွှေ့သတင်းများစွာ ထွက်ပေါ်ခဲ့သည့် ကွင်းလယ်ကစားသမား ကင်မစ်ချ်ကို ၂၀၂၉ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ခဲ့ကြောင်း သိရသည်။
ဂျာမန်ကွင်းလယ်ကစားသမား ကင်မစ်ချ်(၃၀ နှစ်)သည် ၂၀၁၅ ခုနှစ်တွင် လိုက်ပ်ဇစ်အသင်းမှ ဘိုင်ယန် မြူးနစ်သို့ ပြောင်းရွှေ့ရောက်ရှိခဲ့သူ ဖြစ်သောကြောင့် ဘိုင်ယန်မြူးနစ်အသင်းတွင် ဆယ်စုနှစ်တစ်ခုကြာ ဖြတ်သန်းခဲ့သူဖြစ်သည်။
၎င်းသည် ၂၀၂၁ ခုနှစ်တွင် နောက်ဆုံးချုပ်ဆိုခဲ့သော စာချုပ်အရ လာမည့်နွေရာသီတွင် ဘိုင်ယန်မြူးနစ်အသင်းနှင့် စာချုပ် သက်တမ်းကုန်ဆုံးမည်ဖြစ်ရာ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ရရှိနိုင်မည့်အခြေအနေဖြစ်သောကြောင့် ၎င်းကို ခေါ်ယူလိုသည့်အသင်းများစွာ ရှိခဲ့သည်။
၎င်းကလည်း ဘိုင်ယန်မြူး နစ်အသင်းမှ ထွက်ခွာဖွယ်ရှိကြောင်း ပြောကြားခဲ့ဖူးသည်။ သို့သော် ဘိုင်ယန်မြူးနစ်အသင်းက ၎င်းင်းကို နှစ်ရှည်သက်တမ်းတိုးရန် ဆုံးဖြတ်ခဲ့ရာ ၎င်းကလည်း လက်ခံခဲ့ခြင်းဖြစ်သည်။
"ကျွန်တော့်ရဲ့ အားကစားဆိုင်ရာ ရည်မှန်းချက်တွေ ပြည့်မြောက်ဖို့အတွက် အကောင်းဆုံးပတ်ဝန်းကျင်က ဘိုင်ယန်မြူးနစ်အသင်းမှာ ရှိနေပါတယ်။ ဒါကြောင့် ကျွန်တော် သက်တမ်းတိုးဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒီထက် ပိုကောင်းတဲ့နေရာ ဘယ်မှာမှ မရှိပါဘူး။ ဒီအသင်းကို ကျွန်တော့်ရဲ့အိမ်လို ခံစားရပြီး ဒီမှာ ကျွန်တော့်ရဲ့ အလုပ်ကလည်း မပြီးမြောက်သေးပါဘူး"ဟု ကင်မစ်ချ်က ပြောကြားခဲ့သည်။
ကင်မစ်ချ်သည် ဘိုင်ယန်မြူး နစ်အသင်းတွင် ၂၀၁၅-၁၆ ရာသီမှ စ၍ အမာခံကစားသမားအဖြစ် ရပ်တည်ခဲ့သူဖြစ်ပြီး ပြိုင်ပွဲစုံ (၄၃၈)ပွဲ ကစားပေးထားသည်။