Eleven Media Group

■ ပရီးမီးယားလိဂ်ပွဲစဉ် (၂၉) ပွဲကြိုသုံးသပ်ချက်

Photo: Getty Images

အာဆင်နယ် - ချယ်လ်ဆီး (မြန်မာစံတော်ချိန် မတ်လ ၁၆ ရက် ည ၈:၀၀ နာရီ)
အာဆင်နယ်အသင်းနည်းပြ အာတေတာက သချင်္ာနည်းအရ မျှော်လင့်ချက်ရှိနေသရွေ့ ချန်ပီယံအိပ်မက်အတွက် ကြိုး စားသွားမယ့် သဘောပြောနေပေမဲ့ တကယ်တမ်း အာဆင်နယ်က ဖြစ်နိုင်ခြေ အရမ်းနည်းနေပါပြီ။ တစ်ပွဲလျော့အနေအထား ဆိုပေမဲ့ ကွာဟနေတဲ့ (၁၅) မှတ်က အရမ်းကြီးမားလွန်းတယ်။ အခြားတစ်ဖက်မှာ အောက်အသင်းတွေကိုလည်း အမှတ်ဖြတ်ထားတာ တွေ့ရတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်အပြင်ဘက် အမှတ်ဖြတ်ထားတဲ့ အနေအထားဖြစ်လို့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရမ်းစိတ်ပူစရာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီပွဲမှာ ချယ်လ်ဆီးကိုသာ အနိုင်ကစားခဲ့ရင် ပိုသေချာတဲ့ အနေအထားဖြစ်သွားမယ်။ ချယ်လ်ဆီးကတော့ လက်ရှိအချိန်မှာ မန်စီးတီးနဲ့ ပွဲတူ၊ နှစ်မှတ်သာ အဆင့် (၄) နေရာမှာရှိနေပြီး သူတို့ကိုယ်တိုင်လည်း ခြေလှမ်းမှားတာနဲ့ အဆင့်က ချက်ချင်းပြုတ်ကျသွားနိုင်တဲ့ အခြေအနေမျိုးဖြစ်လို့ သတိကြီးကြီးထားရမယ့် အခြေအနေပါ။ ပုံမှန်အားဖြင့် အာဆင်နယ်က ပိုအားသာနေပေမဲ့ သရေကျသွားရင်လည်း အံ့သြစရာမရှိဘူး။


ဖူလ်ဟမ် - စပါး (မြန်မာစံတော်ချိန် မတ်လ ၁၆ ရက် ည ၈:၀၀ နာရီ)
စပါးအသင်းက လက်ကျန်ပွဲတွေမှာ အဆင့်ရသလောက် တက်ဖို့သာ ကြိုးစားရမှာဖြစ်ပြီး တကယ်တမ်း အပေါ်မရောက်၊ အောက်မရောက် အခြေအနေက သေချာသွားပါပြီ။ ဖူလ်ဟမ်အသင်းကတောင် မှန်မှန်လေးသာနိုင်သွားရင် ဥရောပဝင်ခွင့် တစ်နေရာ မျှော်လင့်လို့ ရတဲ့အနေအထားဖြစ်နေတယ်။ အဆင့် (၅) နေရာက မန်စီးတီးနဲ့တောင် (၅) မှတ်ပဲ ကွာတာဖြစ်လို့ ဖူလ်ဟမ်မျှော်လင့်ချက်အပြည့်နဲ့ ရုန်းကန်လိမ့်မယ်။ အိမ်ကွင်းလည်းဖြစ်နေလို့ ဖူလ်ဟမ်ကို ကြိုက်တယ်။


လက်စတာ - မန်ယူ (မြန်မာစံတော်ချိန် မတ်လ ၁၇ ရက် နံနက် ၁:၃၀ နာရီ)
လက်စတာအတွက် တန်းမဆင်းရဖို့ အိပ်မက်က ဝုလ်ဗ်အသင်းကို ကျော်တက်နိုင်ဖို့ပဲ ရှိတယ်။ ဆောက်သမ်တန်က သေချာသလောက်ရှိနေပြီး လက်ကျန် (၂) နေရာမှာလည်း အစ်ဝစ်ချ်၊ လက်စတာ၊ ဝုလ်ဗ်တို့ အားပြိုင်ရမယ့် အနေအထားမှာ ဝုလ်ဗ်ကတော့ နှစ်သင်းစလုံးကို (၆) မှတ်ဖြတ်ထားတယ်။ ဒါပေမဲ့ (၆) မှတ်ဆိုတာက ရလဒ်တွေပြန်ကောင်းလာရင် လက်ကျန် (၁၀) ပွဲမှာ မီနိုင်တယ်။ မန်ယူကလည်း မျှော်လင့်ချက်မဲ့ပါ။ ဖိအားတွေအတွက်တော့ ကြိုးစားရမယ်။ လက်စတာကြိုက်တယ်။

မူရင်းသတင်း — Eleven Media Group