
ဗင်နီဇီယာ - နာပိုလီ (မြန်မာစံတော်ချိန် မတ်လ ၁၆ ရက် ည ၆:၀၀ နာရီ)
တန်းမဆင်းရဖို့ ရုန်းကန်နေတဲ့ ဗင်နီဇီယာက နောက်ဆုံး (၃)ပွဲမှာ ပြိုင်ဘက်ကောင်းတွေကို သရေကစားခဲ့တယ်။ တိုက် စစ်က အားနည်းချက်တချို့ရှိပေမဲ့ မာကျောကျစ်လျစ်တဲ့ ခံစစ်ကစားပုံကိုတော့ ဗင်နီဇီယာအသင်းဆီမှာ တွေ့ရတယ်။ နာပိုလီကလည်း နောက်ဆုံးပွဲမှာမှ နိုင်ပွဲပြန်ရခဲ့တယ်။ ချန်ပီယံမျှော်လင့်ချက်အတွက် နာပိုလီနိုင်ပွဲရဖို့ ကြိုးစားမှာပါ။ (၂)သင်းပေါင်း ဂိုးအနည်းကို ကြိုက်တယ်။
ဘိုလော့ဂ်နာ - လာဇီယို (မြန်မာစံတော်ချိန် မတ်လ ၁၆ ရက် ည ၈:၃၀ နာရီ)
ဥရောပဝင်ခွင့်တိုက်ပွဲဖြစ်ပြီး ပွဲကောင်းတစ်ပွဲဖြစ်လာနိုင်တယ်။ ပထမအကျော့တွေ့ဆုံမှုကို ပြန်ကြည့်ရင်တော့ ရောမမြေမှာ ဘိုလော့ဂ်နာအသင်း ဂိုးပြတ်ရှုံးနိမ့်ခဲ့တာ တွေ့ရတယ်။ ဒါပေမဲ့ စီးရီးအေအိမ်ကွင်း (၅)ပွဲဆက် အနိုင်ရထားတဲ့ စွမ်းဆောင် ရည်ကြောင့် ဘိုလော့ဂ်နာကိုပဲ ရွေးချယ်ချင်တယ်။
ရိုးမား - ကာဂလီယာရီ (မြန်မာစံတော်ချိန် မတ်လ ၁၆ ရက် ည ၉:၃၀ နာရီ)
ရိုးမားက ရာသီအစကလို မဟုတ်တော့ဘူး။ စီးရီးအေအိမ်ကွင်း (၁၃)ပွဲဆက် ရှုံးပွဲမရှိကစားခဲ့ပြီး ဥရောပဝင်ခွင့်ကိုတောင် ပြန်လည်မျှော်လင့်လာနိုင်ခဲ့တယ်။ ကာဂလီယာရီကလည်း အဝေးကွင်းပွဲစဉ်တွေမှာ အေစီနဲ့ အတ္တလန်တာကိုတောင် သရေကစားခဲ့တယ်။ ဒါပေမဲ့ ရိုးမားပဲ ကြိုက်တယ်။
ဖီအိုရင်တီးနား - ဂျူဗင်တပ်စ် (မြန်မာစံတော်ချိန် မတ်လ ၁၆ ရက် ည ၁၁:၃၀ နာရီ)
ဖီအိုရင်တီးနားက နောက်ပိုင်းပွဲတွေမှာ ခြေစွမ်းရော ရလဒ်ပိုင်းပါ ကျဆင်းလာခဲ့တယ်။ ဒါပေမဲ့ သူတို့ကစားခဲ့တဲ့ နောက်ဆုံး (၅)ပွဲကို ကြည့်ရင် အင်တာမီလန်၊ နာပိုလီတို့လို ထိပ်သီးအသင်းတွေနဲ့ ပွဲကျပ်ရင်ဆိုင်ခဲ့ရတယ်။ ဂျူဗင်တပ်စ်ကလည်း နိုင်ပွဲဆက်နေရာကနေ အတ္တလန်တာကို ဂိုးပြတ် ရှုံးခဲ့တယ်။ ဒါကြောင့်လည်း ဂျူဗင်တပ်စ်အသင်း ပြန်လာနိုင်ဖို့ လိုအပ်နေပါပြီ။ ဥရောပပွဲကစားထားရတာကြောင့်လည်း ဖီအိုရင်တီးနားအသင်း ပွဲပန်းနေနိုင်လို့ ဧည့်သည် ဂျူဗင်တပ်စ်ကို ရွေးချယ်ချင်တယ်။
အတ္တလန်တာ - အင်တာမီလန် (မြန်မာစံတော်ချိန် မတ်လ ၁၇ ရက် နံနက် ၂:၁၅ နာရီ)
နောက်ဆုံးပွဲမှာ ဂျူဗင်တပ်စ်ကို အနိုင်ကစားခဲ့တဲ့ အတ္တလန်တာရဲ့ ကွင်းတွင်းခြေစွမ်းက တကယ်ကို အထင်ကြီးစရာ ကောင်းခဲ့တယ်။ အထူးသဖြင့် လွတ်ခ်မန်း ပုံစံကောင်းပြန်ပြနေတာ၊ ရေတယ်ဂီရဲ့ သွင်းဂိုးတွေကို မြင်တွေ့နေရတာတွေက အတ္တလန်တာအသင်းရဲ့ အားရစရာကောင်းတဲ့ အချက်တွေဖြစ်တယ်။ အင်တာမီလန်က နောက်ပိုင်းနှစ်တွေမှာ အတ္တလန်တာနဲ့တွေ့ဆုံတိုင်း နိုင်ပွဲတွေယူနိုင်ခဲ့တယ်။ ဒါပေမဲ့ ဒီပွဲတော့ အင်တာမီလန် လွယ်ကူမှာ မဟုတ်ဘူး။ အင်တာမီလန်ရဲ့ (၂)နှစ်ဆက် ချန်ပီယံအိပ်မက်ကို အနှောင့်အယှက်ပေးမယ့် အတ္တလန်တာကို ရွေးချယ်ချင်တယ်။