Eleven Media Group

■ ပရီးမီးယားလိဂ်ပွဲစဉ် (၂၉) ပွဲကြိုသုံးသပ်ချက်

Photo: Getty Images

အဲဗာတန် - ဝက်စ်ဟမ်း (မြန်မာစံတော်ချိန် မတ်လ ၁၅ ရက် ည ၇:၀၀ နာရီ)
အဲဗာတန်က ရလဒ်ဆိုးတွေကနေ ဒေးဗစ်မွိုက်စ်လက်ထက်မှာ တိုးတက်လာပြီး မန်ယူ၊ စပါးတို့လိုအသင်းတွေနဲ့တောင် အ မှတ်သိပ်မကွာတဲ့ အနေအထားမှာ ရှိနေတယ်။ အချိန်မရွေး ကျော်တက်နိုင်တယ်။ ဝက်စ်ဟမ်းကလည်း အမှတ်တူ၊ အပေါ်မရောက်၊ အောက်မရောက်ပါပဲ။ အဲဗာတန်ကို ကြိုက်တယ်။


အစ်ဝစ်ချ် - နော်တင်ဟမ်ဖောရက်စ် (မြန်မာစံတော်ချိန် မတ်လ ၁၅ ရက် ည ၉:၃၀ နာရီ)
အစ်ဝစ်ချ်နဲ့ လက်စတာက ရမှတ် (၁၇) မှတ်စီရထားပြီး သူတို့အချင်းချင်းလည်း အသာရ၊ (၆) မှတ်သာနေတဲ့ ဝုလ်ဗ်ကိုလည်း ကျော်တက်နိုင်မှ တန်းဆင်းဇုန်က လွတ်မှာဖြစ်တယ်။ အိမ်ကွင်းမှာ ရလဒ်တွေကောင်းရင် မျှော်လင့်ချက်ရှိပါတယ်။ နော်တင်ဟမ်ကလည်း မန်စီးတီးကို ခက်ခက်ခဲခဲနိုင်ထားပြီးမှ အလွယ်တကူ အမှတ်ပြန်မဖြုံးတီးလောက်ဘူး။ နော်တင်ဟမ်ရဲ့လက်ရှိ ခံစစ်နဲ့အသင်းလိုက်မာကျောမှုကြောင့် နိုင်ပွဲရဖို့များတယ်။


မန်စီးတီး - ဘရိုက်တန် (မြန်မာစံတော်ချိန် မတ်လ ၁၅ ရက် ည ၉:၃၀ နာရီ)
မန်စီးတီးအသင်းက ချန်ပီယံလိဂ်ဝင်ခွင့်အတွက်တောင် စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်လာတယ်။ အသင်းလိုက်လူစာရင်းနဲ့ အင်အားတောင့်တင်းမှုအပိုင်းမှာ ပြိုင်ဘက်အသင်းတွေထက် သိသိသာသာ အသာရနေပေမဲ့ ရလဒ်ပိုင်းအရတော့ မန်စီး တီးအသင်းက အရမ်းအားကောင်းနေတာမဟုတ်ဘူး။ ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲက (၅) နေရာစာလောက် ရှိတယ်ဆိုပေမဲ့ ထိပ်ဆုံးက (၂) သင်းက သေချာသလောက်ရှိနေသလို၊ နော်တင်ဟမ်ဖောရက်စ်ကလည်း ဝင်ခွင့်တစ်နေရာအတွက် မျှော်လင့်ချက်တော်တော်လေးအားကောင်းနေတယ်။ ဒါကြောင့် လက်ကျန် (၂) နေရာစာလောက်သာ ရှိပြီး မျှော်လင့်လို့ရတဲ့အသင်းက (၆) သင်းလောက်ရှိနေတယ်။ မန်စီးတီးအတွက် အမှားမခံသလို၊ ဘရိုက်တန်ကလည်း လက်ရှိရမှတ်နဲ့ ရလဒ်ပိုင်းအရ မန်စီးတီးနဲ့ တစ်မှတ်သာ ကွာတဲ့အနေအထားဖြစ်လို့ သရေဆိုရင်လည်း ကျေနပ်နေမှာပဲ။ မန်စီးတီးအတွက် ခက်ခဲတဲ့ ပွဲတစ်ပွဲဖြစ်လာနိုင်ပြီး နိုင်ရင်တောင် ဂိုးမပြတ်နိုင်လောက်ဘူး။


ဆောက်သမ်တန် - ဝုလ်ဗ် (မြန်မာစံတော်ချိန် မတ်လ ၁၅ ရက် ည ၉:၃၀ နာရီ)
ဆောက်သမ်တန်က နိုင်ရင်တောင်တန်းဆင်းဖို့များပြီး ဝုလ်ဗ်ကတော့ ရှုံးခဲ့ရင် လက်စတာ၊ အစ်ဝစ်ချ်တို့ရဲ့ ရလဒ်ကို ကြည့်ရမယ်။ ဖိအားပိုများသွားနိုင်တယ်။ ဆောက်သမ်တန်က လက်ရှိအချိန်အထိ အားရစရာမရှိသေးလို့ ဝုလ်ဗ်အသင်းနဲ့ပဲ ရပ် တည်သင့်တယ်။


ဘုန်းမောက် - ဘရန့်ဖို့ဒ် (မြန်မာစံတော်ချိန် မတ်လ ၁၅ ရက် ည ၁၂:၀၀ နာရီ)
ဘုန်းမောက် ပရီးမီးယားလိဂ် နောက်ဆုံး (၃) ပွဲမှာ (၂) ပွဲရှုံး၊ တစ်ပွဲသရေကျခဲ့လို့ ရမှတ် (၈) မှတ်လျော့သွားတယ်။ အခုအချိန် အထိ ချန်ပီယံလိဂ်အိပ်မက်က ရှင်သန်နေဆဲဖြစ်ပြီး မန်စီးတီးနဲ့ (၂) မှတ်ပဲ ကွာပါတယ်။ ဘရန့်ဖို့ဒ်ကအဝေးကွင်းမှာရလဒ်တွေ တက်နေတယ်။ ဒါကြောင့် ဘုန်းမောက်ကွင်းဖြစ်ပေမဲ့ ဘရန့်ဖို့ဒ်ကို ကြိုက်တယ်။

မူရင်းသတင်း — Eleven Media Group