Eleven Media Group

■ ဗန်ဒိုက်အား အသင်းတွင် ဆက်ရှိနေစေလိုကြောင်း လီဗာပူးလ်နည်းပြ အာနယ်ဆလော့ ပြောကြား

Photo: Getty Images

လီဗာပူးလ်နည်းပြ အာနယ်ဆလော့က အသင်းခေါင်းဆောင် ဗန်ဒိုက်အား လာမည့်ရာသီတွင် အသင်း၌ ဆက်ရှိနေစေလိုကြောင်း ပြောကြားခဲ့သည်။

အသက် (၃၃)နှစ်အရွယ်ရှိ နယ်သာလန်လက်ရွေးစင်နောက်ခံကစားသမား ဗန်ဒိုက်သည် ယခုရာသီကုန်တွင် လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး စာချုပ်သစ်အတွက် ဆွေးနွေးမှုမှာ အဆင်မပြေသေးကြောင်း သိရသည်။

ယင်းအခြေအနေတွင် ဗန်ဒိုက်ကို ခေါ်ယူရန် PSG နှင့် ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းတို့က စိတ်ဝင်စားနေသော်လည်း လီဗာပူးလ်နည်းပြ ဆလော့ကို ၎င်းကို အသင်း၌ ဆက်ရှိနေစေလိုကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆလော့က "ကျွန်တော် သိတဲ့ တစ်ခုတည်းသောအရာကတော့ လာမယ့်ရာသီမှာ သူ့ကို အသင်းမှာ ဆက်ရှိနေစေချင်တာပါပဲ။ စာချုပ်ကိစ္စကိုတော့ အသင်းတာဝန်ရှိသူတွေက ဆွေးနွေးကြပါလိမ့်မယ်။ အဲဒီအလုပ်က ကျွန်တော့်အလုပ် မဟုတ်ပါဘူး"ဟု ပြောကြားခဲ့သည်။

ဗန်ဒိုက်အပြင် လီဗာပူးလ်အသင်း၏အခြားအဓိကကစားသမားများဖြစ်သည့် တိုက်စစ်ကစားသမား ဆာလာနှင့် နောက်ခံကစားသမား အာနိုးလ်တို့မှာလည်း ယခုရာသီကုန်တွင် အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

လီဗာပူးလ်အသင်းသည် ၎င်းတို့ (၃) ဦးစလုံးကို စာချုပ်သစ် ချုပ်ဆိုရန် ဆွေးနွေးနေသော်လည်း လက်ရှိအချိန်ထိ အဆင်မပြေသေးဘဲ လာမည့်နွေတွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် လက်လွှတ်ရဖွယ်ရှိနေကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group