
ဟဲဗီးဝိတ်တန်း ခါးပတ်သုံးခုချန်ပီယံ ယူကရိန်းလက်ဝှေ့သမား အိုလက်ဇန္ဒားအူဆစ်အား နယူးဇီလန်လက်ဝှေ့သမား ဂျိုးဆက်ပါကားနှင့်ထိုးသတ်ရန် WBO က ညွှန်ကြားထားကြောင်း သိရသည်။
အူဆစ် (၃၈ နှစ်) သည် ပြီးခဲ့သည့် ဒီဇင် ဘာတွင် ဗြိတိန်လက်ဝှေ့သမား တိုင်ဆန်ဖျူရီကို အမှတ်ဖြင့် အနိုင်ယူပြီး WBA(Super)၊ WBC နှင့် WBO ချန်ပီယံခါးပတ်သုံးခု ကာကွယ်နိုင်ခဲ့သည်။ ၎င်းသည် ပြီးခဲ့သည့်နှစ် မေလအတွင်း တိုင်ဆန်ဖျူရီနှင့် ပထမပွဲထိုးသတ်ပြီးနောက် WBA(Super)၊ WBC၊ IBF၊ WBO စသည့် ချန်ပီယံခါးပတ်လေးခု စလုံးရရှိကာ အငြင်းပွားဖွယ်မရှိ ဟဲဗီးဝိတ်တန်းချန်ပီယံအဖြစ် ရပ်တည်နိုင်ခဲ့သော်လည်း တိုင်ဆန်ဖျူရီနှင့် မကျေပွဲထိုးသတ်ရန်အတွက် IBF ချန်ပီယံခါးပတ်ကို စွန့်လွှတ်ခဲ့သဖြင့် ခါးပတ်သုံးခုသာ ကျန်ရှိခြင်းဖြစ်သည်။
အူဆစ်နှင့်ထိုးသတ်ရန် ညွှန်ကြားထားသည့် ပါကား (၃၃ နှစ်) မှာ WBO ဟဲဗီးဝိတ်တန်းကြားဖြတ်ချန်ပီယံဖြစ်ပြီး WBO ချန်ပီယံခါးပတ်ကို ၂၀၁၆ မှ ၂၀၁၈ ခုနှစ်အထိ ရရှိခဲ့ဖူးသည်။
WBO ၏ ထုတ်ပြန်ချက်တွင် ၀ိတ်တန်းတစ်ခုလျှင် ချန်ပီယံတစ်ဦးသာရှိရမည့် မူဝါဒအရ ကြားဖြတ်ချန်ပီယံခါးပတ်ကို ရပ် ဆိုင်းရမည်ဖြစ်သောကြောင့် အူဆစ်နှင့် ပါကားတို့ ရက်ပေါင်း (၃၀) အတွင်း ဆွေးနွေးမှုလုပ်ရန် အကြံပြုကြောင်း၊ သဘောတူညီမှုမရဘဲ ပျက်ကွက်ပါက စည်းမျဉ်းများနှင့်အညီ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
သို့ဖြစ်ရာ အူဆစ်အနေဖြင့် IBF ချန်ပီ ယံ ဗြိတိန်လက်ဝှေ့သမား ဒန်နီယဲလ်ဒူဘွာနှင့် ခါးပတ်ပေါင်းစည်းပွဲထိုးသတ်ရန် ဆွေးနွေးနေသော်လည်း WBO ၏ ညွှန်ကြားမှုအရ ပါကားနှင့် ဆွေးနွေးမှုပြုလုပ်ရမည်ဖြစ်ပြီး အကယ်၍ သဘောတူညီမှုမရပါက ချန်ပီယံခါးပတ် စွန့်လွှတ်ရဖွယ်ရှိနေသည်။
IBF ချန်ပီယံ ဒူဘွာသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ပါကားနှင့်ထိုးသတ်ရန် စီစဉ်ထားသော်လည်း ကျန်းမာရေးအခြေအနေကြောင့် ပွဲကျင်းပရန် ရက်ပိုင်းအလိုမှ နုတ်ထွက်ခဲ့ခြင်း ဖြစ်သည်။
အူဆစ်ကလည်း ဒူဘွာ-ပါကားပွဲမတိုင်မီ ယင်းပွဲမှ အနိုင်ရသူနှင့် ထိုးသတ်မည်ဖြစ်ကြောင်း၊ လာမည့်တစ်နှစ်ခွဲ၊ နှစ်နှစ်အတွင်းနှစ်ပွဲသာ ထပ်မံထိုးသတ်မည်ဖြစ်ကြောင်း ပြောကြားထားသည်။
အူဆစ်သည် ခရူဆာ ၀ိတ်တန်းတွင်လည်း ချန်ပီယံခါးပတ်လေးခုစလုံးရရှိပြီး အငြင်းပွားဖွယ်မရှိချန်ပီယံအဖြစ် ရပ်တည်နိုင်ခဲ့သည်။