Eleven Media Group

■ ဘရူနိုဖာနန်ဒက်စ်သည် ၎င်းတို့အသင်းအတွက် ပြီးပြည့်စုံသည့်အသင်းခေါင်းဆောင်ဖြစ်ကြောင်း မန်ယူနည်းပြ အာမိုရင်မ် ချီးကျူး

မန်ယူနည်းပြ အာမိုရင်မ်က အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်သည် ၎င်းတို့အသင်းအတွက် ပြီးပြည့်စုံသည့် အသင်း ခေါင်းဆောင်ဖြစ်ကြောင်း ချီးကျူးပြောကြားခဲ့သည်။

မန်ယူအသင်းသည် မတ်လ ၁၃ ရက်က ကစားခဲ့သည့် ယူရိုပါလိဂ်ရှုံးထွက် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်တွင် ဆိုစီ ဒက်အသင်းကို (၄-၁) ဂိုးဖြင့် အနိုင်ရခဲ့သည်။ မန်ယူအသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်သည် အဆိုပါပွဲစဉ်တွင် ပယ်နယ်တီ နှစ်လုံးအပါအဝင် မန်ယူအသင်းအတွက် ဟက်ထရစ်(၃ ဂိုး) သွင်းယူပေးခဲ့သည်။

မန်ယူအသင်းသည် အဆိုပါနိုင်ပွဲကြောင့် ဆိုစီဒက်အသင်းကို နှစ်ကျော့ပေါင်း (၅-၂) ဂိုးဖြင့် အနိုင်ရကာ ယူရိုပါလိဂ်ပြိုင်ပွဲတွင် ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
ဆိုစီဒက်နှင့်ပွဲအပြီးတွင် မန်ယူနည်းပြ အာမိုရင်မ်က ဘရူနိုဖာနန်ဒက်စ်သည် အသင်းလိုအပ်သည့်အချိန်တွင် အကောင်းဆုံး စွမ်းဆောင်နိုင်သူဖြစ်ပြီး ၎င်းတို့အသင်းအတွက် ပြီးပြည့်စုံသည့် အသင်းခေါင်းဆောင်ဖြစ်ကြောင်း ချီးကျူးခဲ့ခြင်းဖြစ်သည်။
အာမိုရင်မ်က "ကျွန်တော်တို့ လိုအပ်တဲ့အချိန်တိုင်း မှာ သူ(ဘရူနိုဖာနန်ဒက်စ်) အမြဲတမ်းရှိနေပါတယ်။ သူက အသင်းရဲ့တိုက်စစ်ကို ပုံဖော်ပေးသလို ဂိုးတွေလည်း သွင်းနိုင်သူပါ။ ဘရူ နိုဖာနန်ဒက်စ်ဟာ ကျွန်တော်တို့အသင်းအတွက် ပြီးပြည့်စုံတဲ့အသင်းခေါင်းဆောင်ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ သူ လိုချင်တဲ့ ဆုဖလားတွေ ရယူနိုင်အောင် ကူညီပေးနိုင်ဖို့ လိုပါတယ်။ သူဟာ ဒီအသင်းကို နိုင်ပွဲတွေရအောင် ထမ်းတင်ပေးနေသူလည်း ဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။

ဘရူနိုဖာနန်ဒက်စ်၏ အသင်းခေါင်းဆောင်အရည်အချင်းနှင့်ပတ်သက်ပြီး မန်ယူအသင်း၏ ကစားသမားဟောင်းများဖြစ်သည့် ဂယ်ရီနဗီးလ်နှင့် ရွိုင်းကင်းတို့က ဝေဖန်မှုများ ပြုလုပ်လေ့ရှိရာ အာမိုရင်မ်က ဘရူနိုဖာနန်ဒက်စ်ကို ကာကွယ်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အာမိုရင်မ်က ဘရူနိုဖာနန်ဒက်စ်သည်အောင်မြင်လိုစိတ် အလွန်ကြီးမားသူဖြစ်ပြီး ယင်းအချက်ကြောင့် တစ်ခါတစ်ရံ အသင်းဖော်များနှင့် ကတောက်ကဆဖြစ်လေ့ရှိကြောင်းလည်း ပြောကြားခဲ့သည်။

ထို့ကြောင့် အာမိုရင်မ်က ဘရူနိုဖာနန်ဒက်စ်အား အသင်းဖော်များအပေါ် ယုံကြည်မှုထားရန်လည်း တိုက်တွန်းခဲ့သည်။
ဘရူနိုဖာနန်ဒက်စ်သည် ယခုရာသီတွင် မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ ၁၅ ဂိုးသွင်းယူထားပြီး အသင်းတွင် ဂိုးအများဆုံးသွင်းသူအဖြစ် ရပ်တည်နေသည်။

မူရင်းသတင်း — Eleven Media Group