
မန်ယူအသင်း ပူးတွဲပိုင်ရှင်ဖြစ်သူ ဆာဂျင်ရက်ကလစ်ဖ်က အမေရိကန်ပိုင်ရှင် ဂလေဇာမိသားစုပုံစံမျိုး ပရိသတ်များ၏စော်ကားမှု ခံရပါက အသင်းမှ ထွက်ခွာသွားမည်ဖြစ်ကြောင်း သတိပေးပြောကြားသည်။
ဗြိတိန်ဘီလျံနာ ဆာဂျင်ရက်ကလစ်ဖ်သည် မန်ယူအသင်း၏ရှယ်ယာ ၂၈ ဒသမ ၉၄ ရာခိုင်နှုန်းကို ပြီးခဲ့သည့်နှစ်တွင် ပေါင် ၁ ဒသမ ၃ ဘီလျံဖြင့် ဝယ်ယူခဲ့ပြီးနောက် ၎င်းပိုင်ဆိုင်သည့် Ineos ကုမ္ပဏီက ဘောလုံးနှင့် ဆိုင်သည့် လုပ်ငန်းလည်ပတ်မှုများကို စီမံခန့်ခွဲဆောင်ရွက်လျက်ရှိသည်။
ပရိသတ်များသည် ၎င်းစတင်ဝယ်ယူစဉ်က ထောက်ခံမှု ပြုလုပ်ခဲ့သော်လည်း အသုံးစရိတ်ချွေတာရန်အတွက် ဝန်ထမ်းများလျှော့ချခြင်း (ပထမအကြိမ်တွင် ၂၅၀၊ ဒုတိယအကြိမ်တွင် ၂၀၀ လျှော့ချ) အပါအဝင် ရာသီအလယ်ကာလတွင် လက်မှတ်စျေးနှုန်းတိုးမြှင့်သည့် ဆုံးဖြတ်ချက်များအပေါ် ဝေဖန်မှုများပြုလုပ်လျက်ရှိသည်။
ထို့ပြင် မတ် ၉ ရက်က အာဆင်နယ်အသင်းနှင့်ပွဲမတိုင်မီ ထောင်ဂဏန်းရှိသည့် ပရိသတ်များက ဂလေဇာနှင့် ဆာဂျင်ရက်ကလစ်ဖ်တို့ကို ဆန္ဒပြမှုပြုလုပ်ခဲ့ကြသည်။
သို့ဖြစ်ရာ မတ် ၁၅ ရက်တွင် ဖော်ပြခဲ့သည့် Sunday Times သတင်းစာနှင့် အင်တာဗျူးအစီအစဉ်တွင် ဆာဂျင်ရက်ကလစ်ဖ်က ''ကျွန်တော် အဲဒါကို အချိန်တစ်ခုလောက် သည်းခံထားနိုင်ပါတယ်။ လူကြိုက်မများတာကို ကျွန်တော့်စိတ်ထဲ မထားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မန်ချက်စတာယူနိုက်တက်အသင်း အခုရောက်နေတဲ့နေရာကို ဘယ်သူမှ မကြိုက်သလို ဒီအချိန်မှာ ကျွန်တော်တို့လုပ်နေတဲ့ ဆုံးဖြတ်ချက်တွေကိုလည်း ဘယ်သူမှ ကြိုက်မှာမဟုတ်ပါဘူး။ တကယ်လို့ ဒေါသနည်းနည်းဆွလာရင် အဲဒါကို ကျွန်တော် သည်းခံနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က သာမန်လူနဲ့ ဘာမှကွဲပြားမှုမရှိပါဘူး။ ဒါက အထူးသဖြင့် မိတ်ဆွေတွေနဲ့ မိသားစုဝင်တွေအတွက် အဆင်မပြေပါဘူး။ အဲဒါကြောင့် စော်ကားမှုတွေက ဂလေဇာမိသားစုတွေရဲ့ အခြေအနေမျိုးအထိ ရောက်လာမယ်ဆိုရင် 'ကြည့်လိုက်ပါ။ ဒီလောက်ဆို လုံလောက်ပြီ။ တခြားတစ်ယောက်ယောက်ကို လုပ်ခွင့်ပေးလိုက်ပါ'ဆိုပြီး ကျွန်တော် ပြောမှာပါ။ ဂလေဇာတွေလိုပုံစံမျိုး ရောက်လာလို့မဖြစ်ပါဘူး။ ကျွန်တော်တို့ ဝယ်ပြီးကတည်းက 'ကျေးဇူးတင်ပါတယ် ဂျင်။ ခင်ဗျားက တကယ်ကောင်းတဲ့အလုပ်ကို လုပ်နေတာပဲ'ဆိုပြီး ပြောတာမျိုး မတွေ့ဖူးသေးဘူး''ဟု ပြောကြားသည်။
ထို့ပြင် အမှုဆောင်ချုပ်ဟောင်း အက်ဒ်ဝုဒ်ဝပ်၊ ရစ်ချက်အာနိုးလ်တို့နှင့်ပတ်သက်၍ ၎င်းက ''ကျွန်တော်က အက်ဒ်ဝုဒ်ဝပ် ဒါမှမဟုတ် ရစ်ချက်အာနိုးလ်တို့ကို သည်းခံနေမှာ မဟုတ်ဘူး။ ရစ်ချက်က ရပ်ဘီသမားတစ် ယောက်ပါ။ သူက ဘောလုံးအကြောင်းကို နားမလည်ပါဘူး။ အက်ဒ်ကလည်း အသင်းကို စီမံခန့်ခွဲဖို့ အရည်အချင်းမရှိပါဘူး။ သူက ကုန်သည်ဘဏ်လုပ်ငန်း၊ စာရင်းကိုင်တစ်ယောက်ပါ။ သူက အမှုဆောင်ချုပ် မဟုတ်ပါဘူး''ဟု ဝေဖန်ပြောကြားသည်။
ဆာဂျင်ရက်ကလစ်ဖ်က မိမိသာဆိုလျှင် ဖာဂူဆန်၏နေရာတွင် ဆုဖလားအောင်မြင်မှု မရဖူးသည့် ဒေးဗစ်မွိုက်စ်ကို ခန့်အပ်မည်မဟုတ်ဟုလည်း ပြောကြားသည်။