
ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ အန်ဆယ်လော့တီသည် လာလီဂါပွဲစဉ်ဇယားရေးဆွဲမှုကို ဒေါသပေါက်ကွဲနေပြီး ဗီလာရီးယဲလ်နှင့်ပွဲမှာ ၇၂ နာရီ အနားမရဘဲ နောက်ဆုံးကစားသည့်ပွဲဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ရီးယဲလ်အသင်းသည် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့အဖြစ် မတ် ၁၂ ရက် ဒေသစံတော်ချိန် ည ၉ နာရီ(မြန်မာစံတော်ချိန် မတ် ၁၃ ရက် နံနက် ၂ နာရီခွဲ)တွင် မက်ဒရစ်ဒါဘီပြိုင်ဘက် အက်သလက်တီကိုအသင်းနှင့် အချိန်ပို၊ ပယ်နယ်တီအထိ ယှဉ်ပြိုင်ခဲ့ရသဖြင့် ညသန်းခေါင်ယံအချိန်မှသာ ပွဲပြီးဆုံးခဲ့သည်။
ထို့နောက် မတ် ၁၅ ရက် ဒေသစံတော်ချိန် ည ၆ နာရီခွဲ (မြန်မာ စံတော်ချိန် ည ၁၂ နာရီ)တွင် ဗီလာရီးယဲလ်အသင်းနှင့် အဝေးကွင်းထပ်မံကစားခဲ့ရသည်။
ယင်းပွဲစဉ်နှစ်ခုအကြားတွင် ရီးယဲလ်အသင်းမှာ ၆၆ နာရီဝန်းကျင်သာ အနားယူချိန်ရရှိခဲ့သည်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)က ကလပ်အသင်းများအား အနည်းဆုံး ၇၂ နာရီ အနားယူချိန်ခွင့်ပြုပေးရန် အကြံပြုထားသောကြောင့် အန်ဆယ်လော့တီက ပွဲအပြီးတွင် ယင်းကဲ့သို့ ပြောကြားခြင်းဖြစ်သည်။
''ဒီနေ့က ၇၂ နာရီမတိုင်ခင်ကစားရတဲ့ နောက်ဆုံးပွဲဖြစ်မယ်လို့ ကျွန်တော် ထင်တယ်။ ၇၂ နာရီ အနားယူချိန်မရရင် ကျွန်တော်တို့ ဒါကို ထပ်မလုပ်တော့ပါဘူး။ ပွဲချိန်ပြောင်းပေးဖို့ လာလီဂါကို နှစ်ကြိမ်တောင်းဆိုပေမဲ့ သူတို့ ဘာမှမလုပ်ပေးဘူး။ ဒါပေမဲ့ ဒါက နောက်ဆုံးအကြိမ်ပါပဲ။ ငွေကြေးနဲ့ ရုပ်သံထုတ်လွှင့်သူတွေက ဦးစားပေးဖြစ်ပြီး ကစားသမားတွေရဲ့ အနားယူမှုက ဦးစားပေးမဟုတ်ပါဘူး''ဟု အန်ဆယ်လော့တီက ပြောကြားသည်။