
နည်းပြဖြစ်သူ ဂွါဒီယိုလာသည် ယခုရာသီ၌ လိဂ်ပြိုင်ပွဲများတွင် နည်းပြသက်တမ်းတစ်လျှောက် ပေးဂိုးအများဆုံးနှင့် ရမှတ်အနည်းဆုံးရာသီအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
မန်စီးတီးအသင်းသည် ယခုရာသီ ပွဲစဉ် ၂၉ အပြီးတွင် ပေးဂိုး ၄၀ ခွင့်ပြုထားရပြီး ဂွါဒီယိုလာအတွက် တစ်ရာသီအတွင်း ပေးဂိုးအများဆုံးအဖြစ် မှတ်တမ်းခဲ့သည်။
ယခင်ပေးဂိုးအများဆုံးမှာ မန်စီးတီးအသင်းကို စတင်ကိုင်တွယ်သည့် ၂၀၁၆-၁၇ ရာသီတွင် ၃၉ ဂိုး ပေးခဲ့ရခြင်းဖြစ်သည်။
ထို့ပြင် မန်စီးတီးအသင်းသည် ၂၉ ပွဲ ကစား၊ ၄၈ မှတ်ရရှိထားပြီး လက်ကျန်ကိုးပွဲစလုံး အနိုင်ရလျှင်ပင် အမြင့်ဆုံး ၇၅ မှတ်သာ ရရှိမည်ဖြစ်ရာ ၎င်းအတွက် နည်းပြသက်တမ်းတစ်လျှောက် ရမှတ်အနည်းဆုံးရာသီ ဖြစ်လာခဲ့သည်။
ယခင် ရမှတ်အနည်းဆုံးရာသီမှာလည်း မန်စီးတီးအသင်းနှင့် ပထမဆုံးရာသီတွင် ၇၈ မှတ်သာ ရရှိခဲ့သည်။
တစ်ပွဲပျမ်းမျှ နှစ်မှတ်သာရယူနိုင်ခြင်း မှာလည်း ပထမဆုံးအကြိမ်ဖြစ်သည်။
ယင်းပွဲအပြီးတွင် ဂွါဒီယိုလာက ''ကိုးပွဲ ကျန်ပါသေးတယ်။ ဗိုလ်လုပွဲ ကိုးပွဲပါ။ နောက်ဆုံးနေ့အထိ ယှဉ်ပြိုင်ရမှာပါ။ ရာသီကုန်အထိ ကိုးပွဲကစားဖို့ ကျန်ပါသေးတယ်။ ကျွန်တော်တို့အတွက် ခက်ခဲတဲ့ပွဲစဉ်တွေပါ။ ဒါက နော်တင်ဟမ်ဖောရက်စ်နဲ့ တော်တော်လေးတူပါတယ်။ ကျွန်တော်တို့ ဒီပွဲမရှုံးခဲ့ဘူး။ သွင်းဂိုးတွေက နိုင်ပွဲရဖို့ မလုံလောက်ခဲ့ပါဘူး။ ဒါပေမဲ့ နောက်ဆုံးချိန်အထိ တော်တော်လေးခက်ခဲမှာပါ။ လာမယ့်ပွဲကို လက်စတာနဲ့ အိမ်ကွင်းကစားရမှာဖြစ်ပြီး ပြီးရင် အိုးလ်ထရက်ဖို့ဒ်မှာ ကစားရမှာပါ။ ဒါပေမဲ့ ဘုန်းမောက်နဲ့ FA ဖလား အရင်ကစားရပါမယ်''ဟု ဆိုသည်။
မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ် လက်ကျန်ပွဲများအဖြစ် လက်စတာ (အိမ်ကွင်း)၊ မန်ယူ (အဝေးကွင်း)၊ ပဲလေ့စ် (အိမ်ကွင်း)၊ အဲဗာတန် (အဝေးကွင်း)၊ ဗီလာ (အိမ်ကွင်း)၊ ဝုလ်ဗ် (အိမ်ကွင်း)၊ ဆောက်သမ်တန် (အဝေးကွင်း)၊ ဘုန်းမောက် (အိမ်ကွင်း)၊ ဖူလ်ဟမ် (အဝေးကွင်း)တို့နှင့် ယှဉ်ပြိုင်ကစားရန် ကျန်ရှိနေသည်။