
ချယ်လ်ဆီးအသင်းသည် လာမည့်နွေရာသီအပြောင်းအရွှေ့ကာလအတွက် ကြိုတင်လှုပ်ရှားနေပြီဖြစ်ပြီး စပို့တင်းလစ္စဘွန်းအသင်းမှ တောင်ပံကစားသမား ဂျီယိုဗန်နီကန်ဒါကို ပေါင် ၄၂ သန်း၊ ကွင်းလယ်လူ ဒါရီယိုအီဆူဂိုကို ပေါင် ၁၈ ဒသမ ၅ သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှုရရှိထားပြီဖြစ်ကြောင်း သိရသည်။
ချယ်လ်ဆီးအသင်းသည် ပေါ်တူဂီ ယူ-၂၁ လက်ရွေးစင်ကစားသမားနှစ်ဦးကို ခေါ်ယူရန် မတ်၁၄၊ ၁၅ ရက်တွင် နှစ်ရက် ဆက်တိုက်သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်သည်။ ၎င်းတို့အနက် အသက် ၁၇ နှစ်သာ ရှိသေးသူ ကန်ဒါမှာ ဥရောပ၏ စိတ်လှုပ်ရှားစရာအကောင်းဆုံး ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး နည်းပြဟောင်းဖြစ်သူ အာမိုရင်ကိုင်တွယ်နေသည့် မန်ယူအသင်းသို့ ပြောင်းရွှေ့ဖွယ်ရှိကြောင်း ခန့်မှန်းသတင်းများ ထွက်ပေါ်လျက်ရှိသည်။
သို့သော် ချယ်လ်ဆီးအသင်းက လက်ဦးမှုရယူနိုင်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၆ ခုနှစ် နွေရာသီမှသာ ရောက်ရှိလာမည် ဖြစ်သည်။
ကန်ဒါသည် ချယ်လ်ဆီးအသင်းနှင့် ဆေးစစ်မှုပြုလုပ်ထားပြီး ခုနစ်နှစ်သက်တမ်းရှိသည့် ကာလရှည်စာချုပ် ချုပ်ဆိုမည့်အပြင် တစ်နှစ်ထပ်တိုးနိုင်သည့်အချက်လည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ညာတောင်ပံနေရာအပြင် Wing-back အဖြစ်ပါ ကစားနိုင်သူ ကန်ဒါသည် ယခုရာသီမှသာ စပို့တင်းလစ္စဘွန်းစီနီယာအသင်းအတွက် စတင်ကစားခွင့်ရထားသူဖြစ်သော်လည်း ပြိုင်ပွဲစုံ ၄၄ ပွဲ ကစား၊ နှစ်ဂိုးသွင်းယူပေးထားသည်။
ထို့ပြင် ချယ်လ်ဆီးအသင်းသည် ကွင်းလယ်ခံစစ်နေရာအတွက် အသက် ၂၀ အရွယ် အီဆူဂိုကို ထပ်မံခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ပြီး ကိုင်စီဒို၏နေရာတွင် အစားထိုးနိုင်ရန်ရည်ရွယ်ခေါ်ယူခြင်းဖြစ်ကြောင်း သိရသည်။
အီဆူဂိုမှာမူ လာမည့်ဇွန်လအတွင်း ချယ်လ်ဆီးအသင်းသို့ ရောက်ရှိလာမည်ဖြစ်ပြီး ယခုရာသီတွင် လက်စ်ပါမားစ်အသင်း၌ အငှားသွားရောက်ကစားလျက်ရှိသည်။ အီဆူဂိုသည် စပို့တင်းလစ္စဘွန်းစီနီယာအသင်းအတွက် ၂၃ ပွဲကစားထားပြီး လက်စ်ပါမားစ် အသင်းတွင်လည်း ၁၇ ပွဲကစား၊ တစ်ဂိုးသွင်း ယူပေးထားသည်။
၎င်းကိုလည်း ခုနစ်နှစ် သက်တမ်းရှိသည့် ကာလရှည်စာချုပ် ချုပ်ဆိုမည်ဖြစ်ပြီး တစ်နှစ်ထပ်တိုးနိုင်သည့်အချက် ပါဝင်မည်ဖြစ်သည်။ အီဆူဂိုသည် ချယ်လ်ဆီး အသင်းသို့ ပြောင်းရွှေ့ရန်အတွက် ပုဂ္ဂိုလ်ရေးအချက်များ သဘောတူညီမှုရရှိရန်နှင့် ဆေးစစ်မှုပြုလုပ်ရန်သာ ကျန်ရှိတော့သည်။
အီဆူဂို၊ ကန်ဒါတို့နှစ်ဦးစလုံးနှင့် ချုပ်ဆိုမည့် စာချုပ်၌ Add-ons နှင့် အနာဂတ်တွင် ပြန်လည်ရောင်းချဖြစ်ပါက စပို့တင်းလစ္စဘွန်း အသင်းအား ပြောင်းရွှေ့ကြေးရာခိုင်နှုန်း ပေးရမည့်အချက်မပါဝင်ကြောင်း သိရသည်။
ချယ်လ်ဆီးအသင်းသည် လူငယ်ကစားသမားများဖြင့် တည်ဆောက်ရန် ရည်ရွယ်ထားပြီး ပါလ်မီးရပ်စ်အသင်းမှ ဘရာဇီးလူငယ်တောင်ပံကစားသမား အီစတယ်ဗိုမှာလည်း ယခုနွေရာသီတွင် ရောက်ရှိလာမည်ဖြစ်သည်။