Eleven Media Group

၇၄၈ ရက်အကြာတွင် ပထမဆုံးပြန်ကစားခွင့်ရသည့်ပွဲ၌ အယ်လီ အနီကတ်ဖြင့် ထုတ်ပယ်ခံရ

Photo: X

ကိုမိုအသင်း ကွင်းလယ်တိုက်စစ်ကစားသမား အယ်လီသည် ၇၄၈ ရက်အကြာတွင် ပထမဆုံးပြန်ကစားခွင့်ရသည့်ပွဲ၌ အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရကြောင်း သိရသည်။

အယ်လီ (၂၈ နှစ်)သည် မတ် ၁၅ ရက်က အေစီမီလန်အသင်းအား (၂-၁) ဂိုးဖြင့် ရှုံးနိမ့်သည့် စီးရီးအေအဝေးကွင်းပွဲစဉ်၌ ၈၁ မိနစ်တွင် လူစားဝင်ကစားခွင့်ရခဲ့သည်။ ယင်းပွဲမှာ ၎င်းအတွက် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီတွင် ဘက်ဆစ်တက်အသင်းအတွက် ကစားခဲ့ပြီး နောက် ၇၄၈ ရက်အကြာတွင် ပထမဆုံး ပြန်လည်ကစားခွင့်ရသည့် ပရော်ဖက်ရှင်နယ် ပွဲစဉ်ဖြစ်သည်။

သို့သော် အယ်လီသည် အေစီမီလန်အသင်းကစားသမား လော့တပ်စ်ချိခ်ကို အနောက်မှဖျက်ထုတ်ခဲ့သောကြောင့် အဝါကတ်ပြခံခဲ့ရပြီး VAR ဖြင့် စစ်ဆေးပြီးနောက် အနီကတ်အဖြစ် ပြောင်းလဲ၍ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။

၎င်းထုတ်ပယ်ခံရခြင်းအပေါ် ကိုမို အသင်းနည်းပြ ဖာဘရီဂတ်စ်က "ဒယ်လီ အယ်လီက ဂိုးသွင်းတဲ့သူပါ။ သူ့ကို အခွင့်အရေးပေးဖို့ ကျွန်တော်ကြိုးစားခဲ့တယ်။ အတွေ့အကြုံရှိတဲ့ ကစားသမားတစ်ယောက်ရဲ့ ဆိုးရွားတဲ့အမှားတစ်ခုပါ။ ဒါက သေချာပေါက် အနီကတ်ပြခံရမှာပါ။ (၂-၂) ဖြစ်သွား နိုင်တဲ့အချိန်မှာ သူက အသင်းကိုထားပြီးထွက်သွားတာပါ" ဟု DAZN ရုပ်သံသို့ ပြောကြားသည်။

အယ်လီသည် အထွန်းတောက်ဆုံးဖြစ်လာနိုင်သည့် အင်္ဂလန်ကြယ်ပွင့်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရပြီး PFA လူငယ် အကောင်းဆုံးကစားသမားဆုကို ၂၀၁၅- ၂၀၁၆၊ ၂၀၁၆-၂၀၁၇ နှစ်ရာသီဆက်တိုက် ရရှိခဲ့ဖူးသူဖြစ်သည်။

သို့သော် ဒဏ်ရာပြဿနာများကြောင့် ရုန်းကန်ခဲ့ရပြီး ဇန်နဝါရီတွင် ကိုမိုအသင်းနှင့် တစ်ရာသီခွဲစာချုပ် (တစ်နှစ်ထပ်တိုးနိုင်သည့်အချက်ပါဝင်) ချုပ်ဆိုထားခြင်းဖြစ်သည်။

မူရင်းသတင်း — Eleven Media Group