Eleven Media Group

ဘရာဇီးလ်ဂန္ထဝင် ရော်နယ်လ်ဒို၏ ရီးယဲလ်ကစားသမားဘ၀ ပွဲဦးထွက်ရာသီ ဂိုးသွင်းစံချိန်ကို ဘာပေ ကျော်ဖြတ်

Photo: X

ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး ဘာပေသည် ဗီလာရီးယဲလ်နှင့် ပွဲတွင် (၂) ဂိုးသွင်းယူပြီးနောက် ဘရာဇီးလ်ဂန္ထဝင် ရော်နယ်လ်ဒို၏ ရီးယဲလ်မက်ဒရစ်ကစားသမားဘ၀ ပွဲဦးထွက်ရာသီ ဂိုးသွင်းစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

မတ်လ (၁၅) ရက် (စနေနေ့)က ကစားခဲ့သည့် လာလီဂါပွဲစဉ် ဗီလာရီးယဲလ် (၁-၂) ရီးယဲလ်မက်ဒရစ်ပွဲ၌ ဘာပေသည် ရီးယဲလ် မက်ဒရစ်အသင်းအတွက် ပွဲချိန် (၁၇) မိနစ်နှင့် (၂၃) မိနစ်တို့တွင် (၂) ဂိုးဆက် သွင်းယူပေးခဲ့သည်။

ယင်းသွင်းဂိုး (၂) ဂိုးကြောင့် ဘာပေ၏ ရီးယဲလ်မက်ဒရစ်ကစားသမားဘ၀ ပွဲဦးထွက်ရာသီ ပြိုင်ပွဲစုံသွင်းဂိုးမှာ (၃၁) ဂိုးအထိ ရှိလာခဲ့ပြီး ဘရာဇီးလ်ဂန္ထဝင် ရော်နယ်လ်ဒို၏ ရီးယဲလ်မက်ဒရစ်ကစားသမားဘ၀ ပွဲဦးထွက်ရာသီ သွင်းဂိုးအရေအတွက်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။

ဘရာဇီးလ်ဂန္ထဝင်တိုက်စစ်မှူး ရော်နယ်လ်ဒိုသည် ၂၀၂၂ နွေရာသီတွင် အင်တာမီလန်အသင်းမှ ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး ပွဲဦးထွက် ရာသီတွင် ပြိုင်ပွဲစုံ ဂိုး (၃၀)အထိ သွင်းယူခဲ့ခြင်းဖြစ်သည်။

အသက် (၂၆) နှစ်အရွယ်ရှိ ပြင်သစ်တိုက်စစ်မှူး ဘာပေသည် ပြီးခဲ့သည့်နွေကမှ PSG အသင်းမှ ရီးယဲလ်မက်ဒရစ်အသင်းထံသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ရောက်ရှိလာခဲ့သူဖြစ်သည်။ ၎င်းသည် ရီးယဲလ်မက်ဒရစ်ကစားသမား အစပိုင်းတွင် ခြေစွမ်းပြနိုင်ရန် ရုန်းကန် ခဲ့ရသည့်အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

သို့သော် ဘာပေသည် လက်ရှိတွင် ရီးယဲလ်မက်ဒရစ်အတွက် ခြေစွမ်းပြပြီး ယခုရာသီ ပြိုင်ပွဲစုံ (၄၄) ပွဲတွင် (၃၁) ဂိုးသွင်းယူထားသည်။ ဘရာဇီးလ်ဂန္ထဝင်တိုက်စစ်မှူး ရော်နယ်လ်ဒိုမှာ ရီးယဲလ်မက်ဒရစ်ကစားသမားဘ၀ ပွဲဦးထွက်ရာသီ ပြိုင်ပွဲစုံ (၄၄) ပွဲတွင် ဂိုး (၃၀) သွင်းယူခဲ့ခြင်းဖြစ်သည်။

ဘာပေအနေဖြင့် ယခုရာသီတွင် ပွဲစဉ်များစွာ ကစားရန် ကျန်ရှိနေသေးရာ နာမည်ကျော်ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒို၏ ရီးယဲလ်မက်ဒရစ်ကစားသမားဘ၀ ပွဲဦးထွက်သွင်းဂိုး (၃၃) ဂိုးကိုလည်း မကြာမီ ကျော်ဖြတ်ဖွယ်ရှိနေသည်။

စီရော်နယ်လ်ဒိုသည် ရီးယဲလ်မက် ဒရစ်ကစားသမားဘ၀ ပွဲဦးထွက်ရာသီ၌ ပြိုင်ပွဲစုံ (၃၅)ပွဲတွင် (၃၃) ဂိုးအထိ သွင်းယူခဲ့ခြင်းဖြစ်သည်။

မူရင်းသတင်း — Eleven Media Group