
ဂွါဒီယိုလာက နော်တင်ဟမ်ဖောရက်စ်ကို ရှုံးနိမ့်အပြီးမှာ လက်ကျန်ပရီးမီးယားလိဂ်(၁၀)ပွဲကို ဗိုလ်လုပွဲလိုသဘောထားပြီး ယှဉ်ပြိုင်သွားရတော့မယ်လို့ ဆိုခဲ့ပါတယ်။ အဲဒီလိုပြောပြီးတဲ့နောက် ပထမဆုံးယှဉ်ပြိုင်ကစားတဲ့ ဘရိုက်တန်နဲ့ပွဲမှာ သရေရလဒ်သာ ရရှိခဲ့ပါတယ်။ ဒါကြောင့် အဆင့်(၃)နေရာက နော်တင်ဟမ်အသင်းနဲ့ (၆)မှတ်ကွာဟသွားခဲ့ပြီး အဆင့်(၄)နေရာအတွက်လည်း ဖိအားတွေ ပိုများသွားခဲ့ပါတယ်။ ဒါပေမဲ့ ဂွါဒီယိုလာကတော့ ဗိုလ်လုပွဲ(၉)ပွဲ ကျန်နေသေးပြီး ထိပ်ဆုံး (၄)သင်းစာရင်းဝင်ဖို့ နောက်ဆုံးအချိန်အထိ ကြိုးစားသွားမယ်လို့ ဆိုခဲ့ပါတယ်။ ဒီရည်မှန်းချက်ပန်းတိုင်ကို ဂွါဒီယိုလာ အရောက်လှမ်းနိုင်မှာလား။ တကယ်တော့ မန်စီးတီးလိုအသင်းအတွက်၊ ဂွါဒီယိုလာလိုနည်းပြအတွက် ထိပ်ဆုံး(၄)သင်းစာရင်းဝင်ရေးကိုသာ ပစ်မှတ်ထားနေရတာ သိက္ခာကျစရာတော့ ကောင်းနေပါတယ်။
ဂွါဒီယိုလာက နော်တင်ဟမ်ဖောရက်စ်ကို ရှုံးနိမ့်အပြီးမှာ လက်ကျန်ပရီးမီးယားလိဂ်(၁၀)ပွဲကို ဗိုလ်လုပွဲလိုသဘောထားပြီး ယှဉ်ပြိုင်သွားရတော့မယ်လို့ ဆိုခဲ့ပါတယ်။ အဲဒီလိုပြောပြီးတဲ့နောက် ပထမဆုံးယှဉ်ပြိုင်ကစားတဲ့ ဘရိုက်တန်နဲ့ပွဲမှာ သရေရလဒ်သာ ရရှိခဲ့ပါတယ်။ ဒါကြောင့် အဆင့်(၃)နေရာက နော်တင်ဟမ်အသင်းနဲ့ (၆)မှတ်ကွာဟသွားခဲ့ပြီး အဆင့်(၄)နေရာအတွက်လည်း ဖိအားတွေ ပိုများသွားခဲ့ပါတယ်။ ဒါပေမဲ့ ဂွါဒီယိုလာကတော့ ဗိုလ်လုပွဲ(၉)ပွဲ ကျန်နေသေးပြီး ထိပ်ဆုံး (၄)သင်းစာရင်းဝင်ဖို့ နောက်ဆုံးအချိန်အထိ ကြိုးစားသွားမယ်လို့ ဆိုခဲ့ပါတယ်။ ဒီရည်မှန်းချက်ပန်းတိုင်ကို ဂွါဒီယိုလာ အရောက်လှမ်းနိုင်မှာလား။ တကယ်တော့ မန်စီးတီးလိုအသင်းအတွက်၊ ဂွါဒီယိုလာလိုနည်းပြအတွက် ထိပ်ဆုံး(၄)သင်းစာရင်းဝင်ရေးကိုသာ ပစ်မှတ်ထားနေရတာ သိက္ခာကျစရာတော့ ကောင်းနေပါတယ်။ ဒါပေမဲ့ ဒါဟာ ရှောင်လွှဲလို့မရနိုင်တဲ့ လက်တွေ့အရှိတရားလည်း ဖြစ်နေပါတယ်။ ဂွါဒီယိုလာက နည်းပြသက်တမ်းတစ်လျှောက်လုံး ချန်ပီယံဆုအတွက်သာ စိန်ခေါ်တိုက် ပွဲဝင်နိုင်ခဲ့တဲ့နည်းပြဖြစ်ပေမဲ့ ဒီရာသီမှာတော့ ချန်ပီ ယံမျှော်လင့်ချက်ကို အစောကြီးစွန့်လွှတ်ခဲ့ရပါတယ်။ လက်ရှိအချိန်မှာ အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးလ်နဲ့ (၂၂)မှတ်တောင် ကွာဟနေပါပြီ။ ဒါ့အပြင် ထိပ်ဆုံး(၄)သင်းစာရင်းအပြင်ဘက် အဆင့်(၅)နေရာကိုပါ ရောက်ရှိနေတာကြောင့်လည်း ထိပ်ဆုံး(၄)သင်းစာရင်းဝင်ဖို့ကပဲ မန်စီးတီးအသင်းရဲ့ အဓိကပစ်မှတ် ဖြစ်လာခဲ့တာပါ။ ဒါကိုမှ လွဲချော်ခဲ့ရမယ်ဆိုရင်တော့ ဂွါဒီယိုလာရဲ့ နည်းပြဘဝမှာ အမည်းစက်စွန်းထင်းရတော့မှာပါ။ ဒီအတွက် လက်ကျန်ဗိုလ်လုပွဲ(၉)ပွဲမှာ အမှားအယွင်းအနည်းဆုံးဖြစ်အောင် ဂွါဒီယိုလာ ဖြတ်သန်းနိုင်ဖို့ တော့ လိုပါတယ်။
ဝင်ခွင့်(၅)နေရာ
တကယ်တော့ လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်က ချန်ပီယံလိဂ်ဝင်ခွင့် (၅)နေရာအထိ ရရှိဖို့ သေချာသလောက်နီးပါး ဖြစ်နေပါပြီ။ ဥရောပဘောလုံးအဖွဲ့ချုပ် UEFA က အဆင့်သတ်မှတ်ချက် အမြင့်ဆုံး လိဂ်ပြိုင်ပွဲနှစ်ခုက ကလပ်အသင်းတစ်သင်းစီကို ထပ်တိုးယှဉ်ပြိုင်ခွင့်ပြုသွားမှာဖြစ်ပြီး လက်ရှိအချိန်မှာ အင်္ဂလန်က အမှတ်အများဆုံးနဲ့ ဦးဆောင်နေပါတယ်။ အင်္ဂလန်က ပျမ်းမျှရမှတ် (၂၄.၂၅၀)ရရှိထားပြီး ဒုတိယနေရာမှာ စပိန်က ပျမ်းမျှရမှတ်(၂၁.၆၇၈)၊ တတိယနေရာမှာ အီတလီက (၁၉.၉၃၇)မှတ်၊ စတုတ္ထနေရာမှာ ဂျာမနီက (၁၇.၉၂၁)မှတ်၊ ပဉ္စမနေရာမှာ ပေါ်တူဂီက (၁၆.၂၅၀)မှတ် ရရှိထားပါတယ်။ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ ကွန်းဖရန့်လိဂ်ပြိုင်ပွဲ (၃)မှာ အင်္ဂလန်က လပ်(၅)သင်း၊ စပိန်ကလပ်(၄)သင်း၊ အီတလီနဲ့ ဂျာမနီကလပ် (၃)သင်းစီ ဆက်လက်ယှဉ်ပြိုင်ဖို့ ကျန်ရှိနေပြီး ပေါ်တူဂီကတော့ တစ်သင်းမှ မကျန်တော့ပါဘူး။ ဒါကြောင့် ပေါ်တူဂီက အမှတ်ထပ်ရစရာမရှိတော့ပါဘူး။ ကျန်ရှိနေတဲ့ အသင်းအရေအတွက်နဲ့ ထပ်ရနိုင်တဲ့ အမှတ်ပမာဏကို ချိန်ထိုးတွက်ချက်ကြည့်လိုက်မယ်ဆိုရင် အင်္ဂလန်က အမှတ်အများဆုံးအဖြစ် ဆက်ပြီးမရပ်တည်နိုင်ဘူးဆိုရင်တောင် ဒုတိယနေရာမှာ တင်ကျန်နိုင်ဖို့တော့ အလားအလာများနေပါတယ်။ ဒါကြောင့် လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ထိပ်ဆုံး (၅)သင်း ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ သေချာသလောက်ရှိနေတာပါ။ ဒါ တင်မကသေးပါဘူး။ ပရီးမီးယားလိဂ်ရပ်တည်မှုအရ ချန်ပီယံလိဂ်ဝင်ခွင့်မရတဲ့ အသင်းတစ်သင်းက ချန်ပီယံလိဂ်မှာ ဗိုလ်စွဲခဲ့မယ်ဆိုရင် ဝင်ခွင့်တစ်နေရာ ထပ်ဆောင်းရရှိဦးမှာဖြစ်သလို၊ ချန်ပီယံလိဂ်ဝင်ခွင့်မရတဲ့ မန်ယူနဲ့ စပါးတို့ထဲက တစ်သင်းသင်း ယူ ရိုပါလိဂ်မှာ ဗိုလ်စွဲခဲ့မယ်ဆိုရင်လည်း ဝင်ခွင့်တစ်နေရာ ထပ်ဆောင်းရရှိဦးမှာပါ။ ဒါကြောင့် လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အင်္ဂလန်ကလပ် (၇)သင်းအထိ ယှဉ်ပြိုင်ခွင့်ရနိုင်တယ်လို့လည်း ဗြိတိန်မီဒီယာတွေက တွက်ချက်ဖော်ပြနေကြပါတယ်။ ဒီတော့ မန်စီးတီးအသင်းအနေနဲ့ အဆင့် (၅)နေရာရရင်တောင် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိနိုင်ခြေရှိနေပေမဲ့ ထိပ်ဆုံး(၄)သင်းစာရင်းဝင်ဖို့ ပစ်မှတ်ထားနေတာကတော့ သိက္ခာပိုင်းအရလို့ ဆိုရမှာပါ။ ဒါဟာ မန်စီးတီးရဲ့ ဂုဏ်သိက္ခာဖြစ်သလို၊ ဂွါဒီယိုလာရဲ့ ဂုဏ်သိက္ခာလည်း ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ချန်ပီယံဆုကို (၄)ရာသီဆက်တိုက်ရယူခဲ့တဲ့ အသင်းတစ်သင်းက ထိပ်ဆုံး(၄)သင်းစာရင်းဝင် အောင်တောင် မစွမ်းဆောင်နိုင်ဘူးဆိုရင် ကဲ့ရဲ့ပြစ်တင်စရာ မှတ်တမ်းဆိုးဖြစ်သွားမှာပါ။ မန်စီးတီးအသင်းက ပရီးမီးယားလိဂ်ကနေ တန်းဆင်းရတဲ့ အခြေအနေမျိးနဲ့တောင် ကြုံတွေ့ခဲ့ရဖူးတဲ့အသင်း ဆိုပေမဲ့ အခုနောက်ပိုင်းမှာ ဥရောပရဲ့ အင်အားကြီးအသင်းတစ်သင်းအဖြစ် ထည်ထည်ဝါဝါရပ်တည်နေတာပါ။ နောက်ဆုံး(၁၄)ရာသီအတွင်းမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို (၈)ကြိမ်အထိ ရယူနိုင်ခဲ့သလို၊ အဆင့်(၄)နေရာအောက်ကိုလည်း တစ်ကြိမ်မှ မရောက်ခဲ့ပါဘူး။ ဂွါဒီယိုလာ မကိုင်တွယ်ခင်ကတည်းက လမ်းကြောင်းမှန်ပေါ် ရောက်ရှိခဲ့တာဖြစ်ပြီး ဂွါဒီယိုလာလက်ထက်မှာတော့ ပြိုင်ဘက်ကင်းတဲ့ အနေအထားမျိုး ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ဒီရာသီမှာတော့ သွေးသစ်လောင်းဖို့ ပျက်ကွက်ခဲ့ခြင်းရဲ့ အကျိုးဆက်နဲ့အတူ မယုံနိုင်ဖွယ် ယိမ်းယိုင်ခဲ့ပါတယ်။ ဒါကြောင့် ရာသီအဆုံးသတ်ဖို့ (၉)ပွဲအလိုမှာ အဆင့်(၅)နေရာရောက်ရှိပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ကိုသာ ဦးတည်ကြိုးစားရတဲ့ အခြေအနေဖြစ်လာခဲ့တာပါ။
စိန်ခေါ်မှုများ
ဒီရာသီမှာ မန်စီးတီးအသင်း ယိမ်းယိုင်ခဲ့သလို၊ ထိပ်သီးအသင်းတွေထဲက မန်ယူနဲ့ စပါးတို့လည်း ရုန်းကန်နေရပါတယ်။ စပါးနဲ့ မန်ယူတို့က အဆင့်(၅)နေရာက မန်စီးတီးနဲ့တောင် (၁၄)မှတ်ပြတ်နေခဲ့ပြီဖြစ်တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ကို မျှော်မှန်းခွင့်တောင် မရှိတော့ပါဘူး။ ဒါပေမဲ့ ယူရိုပါလိဂ်ချန်ပီယံအဖြစ် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိနိုင်တဲ့ အခွင့်အရေးတစ်ရပ်တော့ ရှိနေပါတယ်။ ဒါကြောင့် ယူရိုပါလိဂ်မှာ ပိုအားစိုက်ကစားလိမ့်မယ်လို့လည်း ပရိသတ်တွေက ခန့်မှန်းနေကြပါတယ်။ အဲဒီနှစ်သင်း ပရီးမီးယားလိဂ်မှာ ရုန်းကန်ရတဲ့ အခြေအနေက ယိမ်းယိုင်နေတဲ့ မန်စီးတီးအသင်းအတွက် သက်သာရာရစေပေမဲ့ နော်တင်ဟမ်ဖောရက်စ်လို ထင်မှတ်မထားတဲ့ အသင်းတချို့ရဲ့ အမြင့်ပျံမှုကြောင့် မန်စီးတီးအသင်းအတွက် ဖိအားက ရှိမြဲဆက်ရှိခဲ့ပါတယ်။ လက်ရှိအချိန်မှာ ချန်ပီယံဆုအတွက် အမှတ်ဖြတ်ဦးဆောင်နေတဲ့ လီဗာပူးလ်အသင်းကလွဲရင် ကျန်တဲ့အသင်းတိုင်းလိုလိုက ဒီရာသီမှာ ထင်တိုင်းမပေါက်ခဲ့ကြပါဘူး။ အာဆင်နယ်ကလည်း အကောင်းဆုံးစိန်ခေါ်သူဆိုတဲ့အဆင့်ကနေ ဆက်မတက်နိုင်ခဲ့ပါဘူး။ သရေပွဲတွေနဲ့ အမှတ်လျော့မှုတွေ များပြားခဲ့တာကြောင့် ပရီးမီးယားလိဂ်ချန်ပီယံ အိပ်မက်ကို နောက်ရာသီဆီထပ်ရွှေ့လိုက် ရပြန်ပါတယ်။ ဒါပေမဲ့ ထိပ်ဆုံး(၄)သင်းစာရင်းဝင်ဖို့တော့ သေချာသလောက် ဖြစ်နေပါပြီ။ ဒါကြောင့် လောင်းကစားကုမ္ပဏီတွေကလည်း အာဆင်နယ်အသင်း ထိပ်ဆုံး (၄)သင်း စာရင်းဝင်ဖို့ကို (၁း၆၆)လေးနဲ့ ကြေးဖွင့်ထားတာပါ။ မန်စီးတီးအသင်းက လက်ရှိအချိန်မှာ အဆင့်(၅)နေရာ ရောက်ရှိနေပေမဲ့ ထိပ်ဆုံး(၄)သင်းစာရင်းဝင်ဖို့တော့ လီဗာပူးလ်နဲ့ အာဆင်နယ်တို့ရဲ့နောက် တတိယရေပန်း အစားဆုံးအဖြစ် ရပ်တည်နေပါတယ်။ မန်စီးတီးကို (၈း၁၃)လေး ပေးထားတာပါ။ အမှတ်ပေးဇယားမှာ နော်တင်ဟမ်နဲ့ ချယ်လ်ဆီးတို့က မန်စီးတီးရဲ့အထက်မှာ ရှိနေကြပေမဲ့ မန်စီးတီးကို အလားအလာပိုကောင်းတယ်လို့ သတ်မှတ်ထားတာကတော့ အသင်းရဲ့ အစဉ်အလာ၊ ဂွါဒီယိုလာရဲ့ အစဉ်အလာတွေကြောင့်လို့ပဲ ဆိုရမှာပါ။ မန်စီးတီးအသင်းက နောက်ဆုံး(၁၄)ရာသီအတွင်း အဆင့်(၄)နေရာအောက် မရောက်ခဲ့ဖူးသလို၊ ဂွါဒီယိုလာကလည်း နည်းပြဘဝတစ်လျှောက် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ မလွဲခဲ့ဖူးပါဘူး။ လက်ရှိရာသီမတိုင်ခင် မန်စီးတီးအသင်းကို ကိုင်တွယ်ခဲ့တဲ့ စုစုပေါင်း(၈)ရာသီမှာ ချန်ပီယံဆု(၆)ကြိမ်၊ ဒုတိယတစ်ကြိမ်၊ တတိယတစ်ကြိမ် ရရှိခဲ့ပါတယ်။ ဘာစီလိုနာအသင်းကို ကိုင်တွယ်ခဲ့တဲ့ (၄)ရာသီမှာ ချန်ပီယံဆု(၃)ကြိမ်၊ ဒုတိယတစ်ကြိမ် ရရှိခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းကို ကိုင်တွယ်ခဲ့တဲ့ (၃)ရာသီစလုံး ချန်ပီယံဆုကို မလွတ်တမ်းရယူနိုင်ခဲ့ပါတယ်။ ဒီတော့ ဂွါဒီယိုလာရဲ့ နည်းပြဘဝမှတ်တမ်းမှာ အမှတ်ပေးဇယား တတိယနေရာအောက်ကိုတောင် မရောက်ခဲ့ဖူးပါဘူး။ ဒါကြောင့်လည်း သူက ထိပ်ဆုံး(၄)သင်း စာရင်းဝင်ဖို့ ကြိုးစားနေတယ်ဆိုပေမဲ့ တတိယနေရာ ရယူနိုင်ဖို့ ရည်မှန်းနေပုံရပါတယ်။ အာဆင်နယ်ကို မကျော်နိုင်ဘူးဆိုရင်တောင် နော်တင်ဟမ်နဲ့ ချယ်လ်ဆီးတို့ရဲ့အထက်မှာ ရပ်တည်နိုင်လိမ့်မယ်လို့လည်း ယုံကြည်နေပုံရပါတယ်။ နော်တင်ဟမ်က တစ်ချိန်တုန်းက ဥရောပဖလား(လက်ရှိ ချန်ပီယံလိဂ်ဖလား)ရယူဖူးတဲ့အသင်းဆိုပေမဲ့ မျက်မှောက်ခေတ်မှာ တန်းပြန်တက်လာတာ မကြာသေးတဲ့အသင်းဖြစ်တာကြောင့် ဒီလိုအသင်းရဲ့အောက်မှာ ရပ်တည်ရမှာကို ဂွါဒီယိုလာ ခံပြင်းနေပုံလည်းရပါ တယ်။ ဒါကြောင့် လက်ကျန်ပွဲတွေကို ဗိုလ်လုပွဲလို သဘောထားပြီး တိုက်ပွဲဝင်သွားမယ်လို့ ကြုံးဝါးထားတာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ အိမ်ကွင်းပွဲမှာ ဘရိုက်တန်ကို အနိုင်မယူနိုင်ခဲ့သလို၊ ဒီရာသီမှာ မန်စီးတီးအသင်းက သူ မျှော်လင့်တဲ့အတိုင်း မဖြစ်တဲ့အသင်း၊ သူ မောင်းတိုင်း မပြေးတဲ့မြင်း ဖြစ်နေတာကိုတော့ မေ့ထားလို့ မရပါဘူူး။ မန်စီးတီးအသင်းရဲ့ လက်ကျန်ပွဲတွေထဲမှာ သတိထားရမှာကတော့ မြို့ခံပြိုင်ဘက် မန်ယူနဲ့ ရင်ဆိုင်ရမယ့် အဝေးကွင်းပွဲပဲ ရှိပါတယ်။ အရင်လိုအနေအထားနဲ့ဆိုရင်တော့ လက်ကျန်(၉)ပွဲကနေ မန်စီးတီးအသင်း (၂၅)မှတ်လောက်ယူလိမ့်မယ်လို့ ထင်ကြေးပေးကြမှာပါ။ အခုတော့ အသင်းငယ်တွေနဲ့ ရင်ဆိုင်ရရင်တောင် စိတ်မချရတဲ့အခြေအနေ ဖြစ်နေတာကြောင့် နောက်ဆုံးပွဲစဉ်အထိ စောင့်ကြည့်သွားရမလိုဖြစ်နေပါတယ်။ မှတ်တမ်းဆိုးနဲ့ မကြုံတွေ့အောင် ဂွါဒီယိုလာ စွမ်းဆောင်သွားနိုင်မလားဆိုတာ . . . ။
မန်စီးတီးအသင်း၏ လက်ကျန်ပရီးမီးယားလိဂ်ပွဲစဉ်များ
၂-၄-၂၀၂၅ လက်စတာ(အိမ်ကွင်း)
၆-၄-၂၀၂၅ မန်ယူ(အဝေးကွင်း)
၁၂-၄-၂၀၂၅ ပဲလေ့စ်(အိမ်ကွင်း)
၁၉-၄-၂၀၂၅ အဲဗာတန်(အဝေးကွင်း)
၂၈-၄-၂၀၂၅ ဗီလာ(အိမ်ကွင်း)
၃-၅-၂၀၂၅ ဝုလ်ဗ်(အိမ်ကွင်း)
၁၀-၅-၂၀၂၅ ဆောက်သမ်တန်(အဝေးကွင်း)
၁၈-၅-၂၀၂၅ ဘုန်းမောက်(အိမ်ကွင်း)
၂၅-၅-၂၀၂၅ ဖူလ်ဟမ်(အဝေးကွင်း)